မြန်မာပြည်ဖွား ဝိပဿနာဆရာကြီး အိန္ဒိယနိုင်ငံမှာ ကွယ်လွန်
2013.09.30
မြန်မာနိုင်ငံမှာ မွေးဖွားပြီး အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ဝိပဿနာဆရာကြီး ဦးဂိုအင်ဂါ (၉၀ နှစ်)ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (ခေါ်) ဘုံဘေမြို့နေအိမ်မှာ မနေ့က ကွယ်လွန်သွားပါတယ်။
၁၉၆၉ ခုနှစ်ကစပြီး ဆရာကြီးဟာ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ကမ္ဘာအနှံံ့မှာ ဝိပဿနာတရားစခန်းတွေ ဖွင့်လှစ်သင်ကြားခဲ့သလို ဘာသာရေးဆိုင်ရာစာပေတွေကို ရေးသားခဲ့တဲ့အတွက် ထင်ရှားလာသူ ဖြစ်ပါတယ်။
မင်းတုန်းမင်းလက်ထက် အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို ပြောင်းရွှေ့အခြေချခဲ့တဲ့ မာရာဝါရီလူမျိုးကုန်သည် မိသားစုကနေ ဆရာကြီးကို ၁၉၂၄ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်နေ့က မန ္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။
၁၉၅၅ ခုနှစ်ကစပြီး ဆရာကြီး ဦးဘခင်ရဲ့ “အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာ”မှာ တရားအားထုတ် သင်ယူခဲ့ပါတယ်။ ၁၉၆၂ နှစ် ဦးနေဝင်းအစိုးရလက်ထက် ပြည်သူပိုင်သိမ်းချိန်မှာ အိန္ဒိယနိုင်ငံကိုပြန်သွားပြီး ကမ္မဋ္ဌာန်းဆရာတစ်ဦးအဖြစ် ရပ်တည်ခဲ့သလို၊ အင်္ဂလိပ်၊ ဟိန္ဒီ ဘာသာတွေနဲ့ စာပေ၊ ကဗျာလင်္ကာတွေ ရေးသားခဲ့ပါတယ်။ ဆရာကြီး ဦးဂိုအင်ဂါရဲ့ “ဆယ်ရက် ဝိပဿနာ သင်ခန်းစာ” စာအုပ်ဟာ ထင်ရှားတဲ့စာအုပ်ဖြစ်ပါတယ်။ ဆရာကြီးဟာ အကျဉ်းထောင်တွေထဲမှာလည်း တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Padma Bhushan ဆုကို အိန္ဒိယအစိုးရက ဆရာကြီးကို ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဈာပနအခမ်းအနားကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ မနက်ဖန်ကျင်းပမှာ ဖြစ်ပါတယ်။