ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ

RFA Burmese
2023.04.05
ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပစဉ်။
Information Sheet

စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်အဖွဲ့အဖြစ် ဧပြီလ ၄ ရက်မှာ ကြေညာ လိုက်ပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ငန်းတွေကို အားပေးကူညီနေတဲ့အတွက် အခုလို ထုတ်ပြန် ကြေညာရတာလို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

"စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို သူက အားပေးကူညီတဲ့သဘောဖြစ်တယ်။ ဒီမိုကရေစီနည်းကျ ပေါ်ပေါက်ခဲ့တဲ့ ပါတီတွေရှိတယ်။ ပြည်သူ့ထောက်ခံမှုရထားတဲ့ ပါတီတွေကို တရားမဝင်ဖျက်သိမ်းဖို့ ကြိုးစားတယ်ပေါ့နော်။ သူတို့လက်အောက်ခံ ပါတီတွေကို ပြည်သူ့အာဏာကို မတရားရရှိအောင် စီစဉ်တဲ့အနေအထားမှာ UEC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းဖြစ်ပါတယ်"

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းမှာ ပါဝင်ပတ်သက်တဲ့ သူတွေဟာ အကြမ်းဖက်ဥပဒေနဲ့ အရေးယူတာအပြင် ဖမ်းဆီးခံရတာတွေကိုပါ ခံရမှာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ - ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အခုလိုကြေညာတာလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းရင်းသားပြည်သူအများစု လုံးဝလက်ခံ သဘောမတူတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲစေဖို့ ဆောင်ရွက်နေတယ် လို့လည်း NUG ဘက်က စွပ်စွဲထားပါတယ်။

UEC ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူတွေ ထိတ်လန့်မှုဖြစ်ပေါ်စေဖို့၊ ပြည်တွင်းတရားဝင် နိုင်ငံရေးအဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ အတင်းအကျပ်လုပ်စေဖို့ တွန်းအားပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီအပေါ် တုံ့ပြန်ချက်ရဖို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန် ဖြေဆိုခြင်းမရှိပါဘူး။

UEC ကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံပြန်တင်တဲ့ ပါတီ ၅၀ ကို ပြန်လက်ခံခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းတယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။