ပြည်ထောင်စုဒီမိုကရေစီ ပါတီ ဥက္ကဌ နှုတ်ထွက်
2010.11.23
ပါတီတွင်း သဘောတရားဆိုင်ရာ ကွဲလွဲမှုကြောင့် နိုဝင်ဘာလ (၁၆) ရက်နေ့ကစပြီး နုတ်ထွက်လိုက်တယ်လို့ ဦးသိန်းဌေးက ပြောပါတယ်။
သဘောကွဲလွဲမှုနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ - မိမိရဲ့ သုံးသပ်ချက်အရ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲက ပေးလိုက်တဲ့ ရှင်းလင်းတဲ့အဖြေကတော့ နည်းလမ်းပေါင်းစုံနဲ့ အဓမ္မအနိုင်ယူသွားခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လူထုက လက်မခံနိုင်ကြောင်း ပြည်တွင်း ပြည်ပက သိရှိသွားတဲ့အချက်၊ နောက်တစ်ချက်က ဒီမိုကရက်တစ် ပါတီၤတွေနဲ့ အင်အားစုတွေဟာ အချင်းချင်း ပြေပြေလည်လည် ညီညီညွတ်ညွတ် ဝန်းရံပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်း လုပ်ဆောင်မှာသာ ရမယ် ဆိုတဲ့အချက်တွေ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဦးသိန်းဌေးက ဆက်လက်ပြောဆိုရာမှာ -
"ဒီရွေးကောက်ပွဲ ရလာဒ်ကြောင့် လက်ရှိ အခြေအနေမှာ တတိယ အင်အားစုကို ထူထောင်လို့လည်း မရဘူး၊ ရပ်တည်လို့လည်း မရဘူးဆိုတာ ပွင့်ပွင့် လင်းလင်း သိလာကြတယ်။ ဖက် က ၂ ဖက်ဘဲ ရှိသွားပြီဆိုတာကို မြင်လာကြတဲ့ သုံးသပ်ချက် အဲဒီ သုံးသပ်ချက် ၃ ချက်ကို ကျနော်တို့ သုံးသပ်ကြတဲ့အပေါ် သဘောထား ကွဲလွဲကြတဲ့ အတွက် ကျနော့် ရဲ့ ယူဆချက်ကို ကျနော်က ခိုင်ခိုင်မာမာ ၇ပ်တည်ချင်တဲ့ အပေါ် ကျနော် ပါတီက နှုတ်ထွက်လိုက်တာပါ။ ခွင့်တောင်းတာ မဟုတ်ပါဘူး။ ကျနော် နှုတ်ထွက်တာပါ။"
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ဒီမိုကရေစီ် ပါတီ UDP ဟာ မဲဆန္ဒနယ် (၃) နေရာ မှာ ယှဉ်ပြိုင်ခဲ့ရာ မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ပါတီ ဥက္ကဌ ဦးသိန်းဌေးဟာ အမျိုးသား လွှတ်တော် အတွက် ပဲခူးမြိုနယ် ကနေ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဦးသိန်းဌေး အရင်က UDP ပါတီ ရဲ့ ဥက္ကဌ ဖြစ်ခဲ့တဲ့ဦးဖြိုးမင်းသိန်း ဟာလည်း ပါတီဥက္ကဌ တာဝန် ကနေ နုတ်ထွက်ခဲ့တာကြောင့် ပါတီသက်တမ်း တစ်နှစ်တာ အတွင်းမှာ ဥက္ကဌ (၂) ဦး နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။