ဖာပွန်မဲဆန္ဒနယ် (၁) မှာ ရွေးကောက်ပွဲဝင်မယ့် UBP ကိုယ်စားလှယ်ကို ကော်မရှင်ပယ်ချ


2020.08.16
ubp-office-622.JPG ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ UBP ရဲ့ ဖာပွန်မြို့နယ် မဲသလွတ်ကျေးရွာ ပါတီရုံးကို တွေ့ရစဉ်
ဓာတ်ပုံ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ - UBP ကရင်ပြည်နယ်၊ဖာပွန်မြို့

ကရင်ပြည်နယ်လွှတ်တော် ဖာပွန်မဲဆန္ဒနယ် ၁ ကနေ ဝင်ပြိုင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ UBP ကိုယ်စားပြုသူဟာ  ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကို ပယ်ချခဲ့တယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ဒီနေ့မှာ ပြောပါတယ်။

ပြည်နယ်ကို အယူခံတက်ခွင့်ရှိတဲ့အတွက် အယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့ သိရကြောင်း သူက ဆက်ပြော ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုခဲ့တဲ့  ဦးစိုးဝင်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကနေ နုတ်ထွက်ခွင့် မရသေးခင် UBP ကနေ ဝင်အရွေးခံတယ်ဆိုပြီး ကန့်ကွက်ခံရတာ ဖြစ်ပါတယ်။

ကန့်ကွက်ခဲ့သူဟာ ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်းဖြစ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ ဆည်မြောင်းနဲ့ မွေးမြူရေး ဝန်ကြီး ဦးစောမြင့်ဦး ဖြစ်ပါတယ်။

ဦးစိုးဝင်းအနေနဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်းကစလို့ ကြံ့ခိုင်ရေးပါတီနဲ့ ကင်းကွာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှာတော့ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

နုတ်ထွက်ခွင့် တင်ပြီးတဲ့နောက်မှာတော့ UBP ပါတီရဲ့ ဖာပွန်ခရိုင် ဥက္ကဋ္ဌ၊ ဖာပွန်မြို့နယ် ဥက္ကဋ္ဌ တာဝန်တွေ ယူခဲ့တာဖြစ်ပါတယ်။

ပါတီဝင်တစ်ဦးဟာ သူရဲ့မူလပါတီက နုတ်ထွက်ခွင့် မရသေးခင် တခြားပါတီတစ်ခုကနေ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့် မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော် မိသားစုဝင်အများအပြားရှိတဲ့ ဖာပွန်မြို့နယ်ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကာလတွေအတွင်း USDP ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့တဲ့မြို့နယ် ဖြစ်ပါတယ်။

သူရဦးရွှေမန်းဟာ USDP ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားခံရပြီးနောက် UBP ပါတီကို တည်ထောင်ခဲ့တာပါ။

လာမယ့် ရွေးကောက်ပွဲမှာ သူရဦးရွှေမန်းကိုယ်တိုင် ဝင်ပြိုင်မှာ မဟုတ်ပါဘူး။

ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်ကတော့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။