ဗြိတိသျှ သံရုံးအရာရှိများ ဦးဂမ္ဘီရနဲ့အဖွဲ့ကို ဖိတ်ကြားဆွေးနွေး
2012.10.15
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ ဆရာတော် ဦးသောပါက၊ အလုပ်သမားအရေးဆောင်ရွက်သူ ကိုညီညီဇော်၊ အကို ကိုအောင်ကျော်ကျော်တို့နဲ့ အတူ ရန်ကုန်မြို့ရှိ ဗြိတိသျှ သံအမတ်ကြီးနေအိမ်မှာ သံရုံး ဒုတိယ တာဝန်ခံ Mr. Matthew Hedges ၊ ဒုတိယ အတွင်းဝန် Mr. Joe Fisher တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဗြိတိသျှ သံရုံးအရာရှိများက နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်လို့ စာရင်းအတိအကျ သိရှိလိုကြောင်း မေးမြန်းတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးသောပါက မိန့်ပါတယ်။
"နိုင်ငံရေး အကျဉ်းသားကလည်း ၅၀၀ လောက်ရှိသေးတယ်။ အဲဒီ ၅ ရာရဲ့ နာမယ် အတိအကျ သိချင်တယ်ပေါ့။ criminal charges တွေနဲ့ စွပ်စွဲထားတာလေ။ အဲဒီတော့ အတိအကျ ရဖို့ ခဲယဉ်းတဲ့အကြောင်းနဲ့ အဲဒါတွေကို သူတို့က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အကျဉ်းထောင်တွေမှာ လိုက်ပြီး စစ်ဆေးဖို့ သူတို့ လုပ်ချင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဒီကပေးတဲ့ စာရင်းအတိုင်း သူတို့က စုံစမ်းစစ်ဆေးပေးမယ်ဆိုတဲ့ အကြောင်း ပြောတယ်ဗျ။"
စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့မယ်ဆိုရင် ဒီအဖွဲ့ကို အီးယူ သို့မဟုတ် ကုလသမဂ္ဂက ဦးဆောင်မှာ ဖြစ်တယ်လို့ သိရကြောင်းလည်း ဦးသောပါက က မိန့်ကြားပါတယ်။
မြန်မာနိုင်ငံမှာ ပညာရေးအတွက် ဝိုင်းဝန်းကူညီပေးဖို့၊ ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းသွားရေး စတဲ့ ကိစ္စတွေကိုလည်း အရှင်ဂန္ဘီရလို့ လူသိများတဲ့ ဦးညီညီလွင်က ဦးဆောင် ဆွေးနွေးခဲ့တယ်လို့ အရှင် သောပါက က အာရ်အက်ဖ်အေကို မိန့်ပါတယ်။