မြန်မာနိုင်ငံအနီး မုန်တိုင်းနှစ်ခု ဖြတ်နိုင်

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနီး မုန်တိုင်းနှစ်ခု တပြိုင်နက်လိုလို ဖြတ်သန်းသွားဖို့ အလားအလာ ရှိတဲ့အတွက် အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဒီကနေ့ အောက်တိုဘာ ၂၀ ရက်မှာ RFA ကို ပြောကြား ပါတယ်။

2010.10.20
typhoon_megi_philippine_305_z.jpg မယ်ဂီ အမည်ရှိ တိုင်ဖွန်း လေမုန်တိုင်းဒဏ်ကြောင့် ဖိလိပိုင်နိုင်ငံ၊ ဘာဂီအိုမြို့တွင် ရေမြုပ်နေသော လူနေအိမ်ခြေများကို အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်းလာခဲ့မယ်ဆိုရင် မုန်တိုင်းငယ်တခုအဖြစ် တနာရီမိုင် ၅၀ နှုန်းနဲ့ ရခိုင်ဒေသကို ဖြတ်သန်းတိုက်ခတ် နိုင်တယ်လို့သူက ခန့်မှန်းပါတယ်။

ဒါ့ပြင် ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိတိုက်ခတ်နေတဲ့ မယ်ဂီလို့ ခေါ်တဲ့ စူပါတိုင်ဖွန်း မုန်တိုင်းက တောင်တရုတ် ပင်လယ်ကို ဖြတ်သန်းသွားမယ် ဆိုရင် မြန်မာနိုင်ငံကို အောက်တိုဘာ ၂၂ ၇က်၊ သောကြာနေ့မှာ မုန်တိုင်း ဝင်ရောက်နိုင်တဲ့အတွက် အဲဒီ မုန်တိုင်းနှစ်ခု တပြိုင်နက်တည်းလိုလို တိုက်ခတ်ဖွယ် ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

“လောလောဆယ် ညနေ ၃ နာရီခွဲ ပုံကတော့ မုန်တိုင်းတခုရဲ့ ဖြစ်မယ်ဆို ဖြစ်နိုင်တဲ့ features တွေ ကျွန်တော်တော့ တွေ့နေတာပဲလေ။ ဒါပေမဲ့ ယတိပြတ်တော့ ကျွန်တော် ပြောလို့ မရဘူးပေါ့ဗျာ။ ရိုးရိုး လေဖိအားနည်း ရပ်ဝန်းထက်တော့ နည်းနည်းလေး ပိုတယ်ဗျ။ အဲဒါလေးကို သေချာအောင် စောင့်ကြည့်တဲ့ သဘောပါပဲ။ အရှေ့ဖက်မှာဆိုရင် အခု ကျွန်တော် ကြည့်နေတဲ့ ပုံထဲမှာဆိုရင် မယ်ဂီက ပြူးနေတာပဲ။ နည်းတဲ့ မုန်တိုင်းကြီး မဟုတ်ဖူး။ တိုင်းဖွန်း မယ်ဂီပေါ့နော်။ ဒီဖက်ကလည်း ဖြစ်မယ်၊ ဟိုဖက်ကလည်း လာမယ်ဆိုရင်တော့ အဲဒါ တော်တော့ကို ကျွန်တော်တို့ မိုးကတော့ တော်တော်လေးကို ကျွန်တော်တို့ ရလိမ့်မဲ့သဘော ရှိတယ်။”

လောလောဆယ် ဂြိုဟ်တုက ရရှိတဲ့ ရုပ်ပုံတွေကို အခြေခံ တွက်ချက်ထားချက်အရ အဲဒီ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းဖြစ်ဖို့ အလားအလာ နည်းသေးသလို၊ ဖိလစ်ပိုင်က မယ်ဂီ တိုင်ဖွန်းမုန်တိုင်းဟာလည်း ဟောင်ကောင်ဖက်ကို ဖြတ်သန်းနိုင်ခြေရှိ၊ မရှိ တပ်အပ် မပြောနိုင်သေးကြောင်း ဦးထွန်းလွင်က ပြောပါတယ်။

ဒီအတောအတွင်း မန္တလေးတိုင်း ရဲရွာဆည်ကရေတွေကို မနေ့ညက စလွှတ် လိုက်တဲ့အတွက် မီတာ ၁၈၀ ရှိတဲ့ ရေထုဖိအားနဲ့ ဆည်ကျိုးနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တကယ်လို့ ရဲရွာဆည် ကျိုးခဲ့မယ်ဆိုရင် ဆည်အောက်က မန္တလေး၊ စဉ့်ကိုင်၊ အမရပူရ၊ အင်းဝ၊ မန္တလေး စတဲ့ ဆည်အောက်ပိုင်းနေ ဒေသခံတွေအတွက် စိုးရိမ်စရာ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဆည်မြောင်းဌာနရဲ့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနီး ဖြတ်သန်းတိုက်ခိုက်နိုင်တဲ့ မုန်တိုင်းအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။