ပျဥ်းမနားမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်နှစ်ဦး အဖမ်းခံရ
2021.05.27
မေလ ၂၆ ရက်ရက် မနေ့ညပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ အမှတ်(၂)ကျောင်းဘေးက အုတ်တံတိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာသားရေးသားနေစဉ်၊ ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲကတွေ့ရှိပြီး ကိုဝေယံမျိုးနဲ့ ကိုစည်သူတို့ နှစ်ဦး ရိုက်နှက်ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုဝေယံမျိုးရဲ့ မိသားစုဝင်တစ်ယောက်က “မနေ့ညက ဖမ်းသွားတယ်။ အခုတော့ ပျဉ်းမနားရဲစခန်းမှာ ချုပ်ထားတယ်။ မျက်နှာတွေတော့ ဖူးယောင်နေတယ်။ ကိုဝေယံမျိုးက သူကိုယ်တိုင်လည်း ကျောင်း မတက်ဘဲ CDM လုပ်ထားတာပါ။ ကျောင်းလည်း မအပ်ဘူး။ မိသားစုကလည်း အဆုံးထိ စစ်အာဏာရှင်ကို တော်လှန်သွားကြမှာ “ လို့ RFA ကို ပြောပါတယ်။
ကိုဝေယံမျိုး ဟာ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသားတစ်ယောက်ဖြစ်ပြိး၊ သူတို့ကို ညတွင်းချင်းပဲ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်တယ်လို့လည်း အဲဒီမိသားစုဝင်က ပြောပြသွားပါတယ်။