နေပြည်တော်က ဆန္ဒပြလူငယ် သုံးဦးကို စစ်ကောင်စီဖမ်းဆီး
နေပြည်တော် ပျဉ်းမနားက ဆိုင်ကယ်သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက သြဂုတ်လ ၁ ရက်နေ့ မနေ့ညက နေအိမ်တွေမှာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ပျဉ်းမနား မြို့ခံ တစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့က လူငယ် ၁၀ ဦးလောက်ဟာ ပျဉ်းမနားမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်နဲ့ ဆန္ဒပြသပိတ်မှောက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က လူစာရင်းတွေနဲ့တိုက်ပြီး နေအိမ်တွေမှာ လိုက်ဖမ်းခဲ့တာလို့ အမည်မဖော်လိုတဲ့ ပျဉ်းမနား မြို့ခံတစ်ဦးက ဆိုပါတယ်။
“သူတို့သုံးယောက်ထဲက တစ်ယောက်ကို အရင်မိတယ်။ မိတဲ့တစ်ယောက်ကို ကျန်တဲ့လူတွေကို ဖုန်းခေါ်ခိုင်းပြီး ထောင်ချောက်ဆင် ဖမ်းတဲ့သဘောပဲ။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိသေးဘူး။ မိသားစုတွေလည်း အဆက်အသွယ် မရသေးတော့ စိုးရိမ်တယ်”
ဖမ်းဆီးခံလိုက်ရသူတွေက ဆန္ဒပြတဲ့အထဲမှာ ပါဝင်တဲ့ ကိုစိုးသူရမိုး၊ ကိုအောင်မျိုးချစ်နဲ့ ကိုဇော်ခက် ဆိုသူတို့ဖြစ်တယ်လို့လည်း ပြောပါတယ်။
နေပြည်တော်က ဆန္ဒပြပွဲတချို့မှာ ဦးဆောင်ပါဝင်တဲ့ အသက် ၂၀ အရွယ် ဒုတိယနှစ် ကျောင်းသား ကိုကျော်ဘိုဘိုခန့်ကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားပြီး ယနေ့ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း ပျဉ်းမနားက ဆန္ဒပြကျောင်းသား လေးယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။