ပျဉ်းမနားမြို့ သကြားစက်ရုံ အခြေခံအလုပ်သမား အစည်းအရုံးဖွဲ့စည်း

နေပြည်တော် ပျဉ်းမနားမြို့အမှတ် (၂) နဲ့ အမှတ် (၃) သကြားစက်ရုံတွေမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးမယ့် ပထမဆုံး အခြေခံအလုပ်သမား အစည်းအရုံးတွေကို စက်တင်ဘာလ ၁၄ ရက် မနေ့က အခမ်းအနားကျင်းပပြီး တရားဝင် ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။

2012.09.14

နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းလာတာနဲ့အတူ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြား လုပ်ငန်းခွင် ပြဿနာတွေ မပေါ်ပေါက်ဖို့နဲ့ ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် အခြေခံ အလုပ်သမား အစည်းအရုံးကို ဖွဲ့စည်းရတာဖြစ်ကြောင်း၊ အရင်ကတည်းက ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်ရှိ အစိုးရ လက်ထက်ရောက်မှ စတင်ဖွဲ့စည်းနိုင်တာ ဖြစ်ကြောင်း အခြေခံအလုပ်သမား အစည်းအရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က RFA ကို ပြောပါတယ်။

"စတင်ဖွဲ့စည်းမယ်ဆိုတုန်းကတော့ ကျွန်တော်တို့မှာ အခက်အခဲလေးတွေပေါ့နော်။ အခက်အခဲလေးတွေဆိုတာက ဝန်ထမ်းတွေရဲ့ သဘောမပေါက်တာရယ်၊ စိုးရိမ် ကြောင့်ကြမှုများပြီးတော့ ဒီဟာလေး လုပ်လိုက်ရင်တော့ တို့တတွေ လုပ်ငန်းမှာ ထိခိုက်လိမ့်မယ် ဆိုတဲ့ဟာလေးရယ်။ အပေါ်က တိုက်ရိုက်မပြောပေမဲ့လို့ သွယ်ဝိုက်တဲ့ အခြေအနေ လက္ခဏာတွေနဲ့ ကျတော့ နည်းနည်း ကသိကအောင့်ဖြစ်တယ်။ အဲနောက်ပိုင်းမှာ ကျွန်တော်က ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ အခြေခံမှု ဥပဒေတွေကို ဝန်ထမ်းတွေကို ရှင်းပြတဲ့အခါမှာ လုပ်ငန်းရှင်ကလည်း သဘောပေါက်သွားတယ်။ ကျွန်တော်တို့ အလုပ်သမားတွေလည်း သဘောပေါက်သွားတယ်"

အခုလို အခြေခံအလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်တဲ့အတွက် လစာတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခ စတဲ့ အလုပ်သမား အခွင့်အရေးတွေကို လက်ရှိ ပြဋ္ဌာန်းထားတဲ့ အလုပ်သမား ဥပဒေတွေနဲ့ အညီ အောက်ခြေအဆင့်မှာတင် ညှိုနှိုင်း ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

"ဥပဒေနဲ့အညီ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ညှိနှိုင်း ဆောင်ရွက်ပေးလိုက်တဲ့ အတွက်ကြောင့် အလုပ်သမားတွေအတွက် အများကြီး ကောင်းကျိုးရှိသွားပါတယ်။ လိုအပ်တာရှိရင် ကျွန်မတို့ဆီ မရောက်နိုင်တော့ဘူးပေါ့နော်။ စက်ရုံအတွင်းမှာပဲ အဲဒီ အလုပ်အမှုဆောင်တွေကနေပြီးတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းပြီးတော့ စက်ရုံထဲမှာပဲ ပြေလည်မှု ရရှိအောင်သူတို့ ဆောင်ရွက် သွားနိုင်မှာ ဖြစ်ပါတယ်"

အရင်နိုင်ငံပိုင် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာန အောက်မှာရှိတဲ့ ပျဉ်းမနား အမှတ် (၂) နဲ့ အမှတ် (၃) သကြားစက်ရုံတွေကို၂၀၁၁ ခုနှစ် သြဂုတ်လကုန်မှာ ယုဇနကုမ္ပဏီက ဌားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။

ပျဉ်းမနားအမှတ် (၂) ၊ အမှတ်(၃) သကြားစက်ရုံတွေမှာ ဝန်ထမ်းဦးရေ (၆၁၉) ဦးရှိပြီး၊ အခြေခံအလုပ်သမား အစည်းအရုံးဝင် ဦးရေ (၅၅၅) ဦးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။