ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ဖို့ EU တောင်းဆို
2023.06.20

လုပ်ခလစာတိုးတောင်းလို့ အဖမ်းခံထားရတဲ့ စက်ရုံအလုပ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး (EU) က တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် မြန်မာ (Hosheng Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးတောင်းတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရတာနဲ့ ဆက်လက်ဖမ်းဆီးနေတာတွေကို စိုးရိမ်တယ်လို့လည်း သံရုံးရဲ့ ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီစက်ရုံက အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ်တိုးပေးဖို့ ဇွန်လ ၈ ရက်နေ့က စပြီးတောင်းဆိုခဲ့တာပါ။ ဇွန်လ ၁၀ ရက်နေ့မှာတော့ အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကို စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆောင်တယ်ဆိုပြီး စက်ရုံဘက်က အလုပ်ထုတ်လိုက်ပါတယ်။
အဲဒီလို အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ ဇွန် ၁၄ ရက်နေ့က လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီနေ့ကပဲ အလုပ်သမားသမဂ္ဂခေါင်းဆောင် မသူသူစံ ဖမ်းဆီးခံခဲ့ရပါတယ်။ အလုပ်ထုတ်ခံရတဲ့ထဲက မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်နဲ့ ကိုရဲနိုင်တို့ ငါးဦးကိုလည်း စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ပါတယ်။
အဲဒီလိုအလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးနေတာကြောင့် ကျန်တဲ့ အလုပ်သမား ခေါင်းဆောင် နှစ်ဦးလည်းထွက်ပြေးနေရတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေနဲ့လည်း အဆက်အသွယ်ပြတ်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမား ခေါင်းဆောင် နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကြေညာစာတမ်းနဲ့အညီဆောင်ရွက်ဖို့လည်း EU က တောင်းဆိုထားပါတယ်။
အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ စုပေါင်းညှိနှိုင်းအဖြေရှာခွင့်တွေကို ထိရောက်စွာ အသိအမှတ်ပြုဖို့၊ ကလေးလုပ်သားပပျောက်ဖို့နဲ့ အတင်းအကျပ်အလုပ်စေခိုင်းတာတွေ ပပျောက်ဖို့ စတဲ့ အချက်တွေ ပါတယ်လို့လည်း ထောက်ပြထားပါတယ်။