အခြေခံဥပဒေပြင်ပေး ဖို့ နေပြည်တော်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို


2014.01.04
solo-protest-pyimana-305.jpg ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပျဉ်းမနားမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့က တစ်ကိုယ်တော်ဆန္ဒပြနေသော ပျဉ်းမနားမြို့နယ် NLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသာချို ( ခ ) ဦးကျော်မိုးဇော်ကို မြင်ရစဉ်
photo: RFA/ Win Naung Toe

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေးနဲ့ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ အတွက် နေပြည်တော်မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ပြင်ပေးဖို့ တောင်းဆို တာဖြစ်ကြောင်း တစ်ကိုယ်တော် ဆန္ဒပြသူ ဦးသာချို က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်၊ သူက ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေဖြစ်လို့ပါ၊ ပုဒ်မ ၁၈ ကလည်း ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းနှုန်းတွေနဲ့ မကိုက်ညီတာက ပုဒ်မ ၃၅၄ မှာက လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်ဆို ပြီးတော့ ပြောထားပြီးတော့ အခုပုဒ်မ ၁၈ ကလိုက်ပြီးတော့ ပိတ်သိမ်းထားပါတယ်ခင်ဗျ"

မူလက ပျဉ်းမနားမြို့လယ် ဗိုလ်ချုပ်လမ်းကနေပြီး နေပြည်တော်သမ္မတ ဦးသိန်းစိန်ရဲ့ အိမ်တော်အထိ လမ်းလျှောက်သွားဖို့ ပြင်ဆင်ခဲ့ပေမယ့် မြို့နယ်ရဲတပ်ဖွဲ့မှူးက တားဆီးခဲ့တဲ့အတွက် ပျဉ်းမနား ရှမ်းကန်ရပ်ကွက်မှာပဲ သူ့ရဲ့ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ အရေးယူသွားမယ်လို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွ့ဲမှူး ရဲမှူး ဦးသန်းမြင့်က ပြောပါတယ်။

"ခွင့်မပြုဘဲနဲ့ စီတန်းဆန္ဒပြတဲ့အတွက်ကြောင့်မို့ ကျနော်တို့က လမ်းလျှောက်ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ အရေးယူပါမယ်၊ ခွင့်မပြုတဲ့အတွက် တားခြင်းဖြစ်ပါတယ်၊ တားတာကို ဆက်လုပ်တဲ့အတွက် အရေးယူပါမယ်"


ဆန္ဒပြသူ ဦးသာချိုကတော့ သူ့အနေနဲ့ ဆန္ဒပြခွင့် တောင်းခံခဲ့ပေမယ့် မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်မပြုခဲ့ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။