နောက်ထပ်ကျောင်း သားခေါင်းဆောင်နှစ်ဦး အင်းစိန်ထောင်ပို့ခံရ


2016.02.25
failed-law-protest-620.jpg တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံထဲမှာ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်တဲ့ Failed Law လှုပ်ရှားမှုကိုပြုလုပ်စဉ်
Photo: Kyaw Zaw Win/ RFA

ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံထဲမှာ ပြီးခဲ့တဲ့နှစ် မတ်လက Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့ တာကြောင့် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျောင်းသား ကိုမင်းသူကျော် နဲ့ ဒဂုံတက္ကသိုလ် တကသအဖွဲ့ဝင် ကိုဖိုးသားတို့ကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးတင်စစ်ဆေးရာ အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

တကသကျောင်းသားတွေဟာ လှုပ်ရှားမှုတွေလုပ်ဆောင်တိုင်း ခွင့်ပြုချက်မယူသလို အာမခံယူတာတွေ ဒဏ်ငွေဆောင်တာတွေ  လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကိုမင်းသူကျော် နဲ့ ကိုဖိုးသားတို့က အာမခံမယူတာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ တကသ အဖွဲ့ဝင် ကိုရဲဇာနည်ထွန်းက ပြောပါတယ်။

"တရားစီရင်ရေးမှာလည်း အာမခံယူတာတွေ၊ ဒဏ်ငွေဆောင်တာတွေ၊ တရားစီရင်ရေးဖြစ်စဉ်မှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး၊ ကျနော်တို့ဆီကလူတွေက လုံးဝအာမခံမယူဘဲနဲ့ ကြိုက်တဲ့ပြစ်ဒဏ်ချပေါ့၊ တရားရုံးစီရင်မှုမှာဗျာ ကျနော်က ပူးပေါင်းဆောင်ရွက်မှာလုံးဝမဟုတ်ဘူး၊ ဖမ်းလည်းဖမ်းပဲ ချုပ်လည်းချုပ်ပဲ ကြိုက်တဲ့နေရာပို့၊ တရားရုံးမှာစစ်တဲ့အခါကျရင် ဥပမာ တရားလိုစစ်လည်း ကျနော်တို့က ရှေ့နေငှားမှာလည်းမဟုတ်ဘူး၊ သူတို့မေးခွန်းမေးလည်း ဖြေမှာမဟုတ်ဘူး၊ ကျနော်တို့က အကြံပေးမှာလည်းမဟုတ်ဘူး"

မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျောက်တံတားမြို့နယ် မဟာန္ဓုလပန်းခြံမှာ Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ Failed Law စာလုံးပါ အနက်ရောင်တီရှပ်တွေ ဆင်တူဝတ်ဆင်တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေ ရုံးချိန်းနဲ့ အလုပ်သမား၊ လယ်သမားရုံးချိန်းတွေမှာ တကသအဖွဲ့ဝင်တွေဟာ Failed Law စာလုံးပါ အနက်ရောင်တီရှပ်တွေ ဝတ်ဆင်ပြီး ဝန်းရံအားပေးခဲ့တာဖြစ်ပါတယ်။

ကိုဖိုးသားနဲ့ ကိုမင်းသူကျော်တို့ကို လာမယ့် မတ်လ ၉ ရက်နေ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။