ညမထွက်ရတဲ့ ပုဏ္ဏားကျွန်းမှာ နှစ်ဦး အပစ်ခံရလို့ ခြေထောက် ဒဏ်ရာရ

ကျော်လွင်ဦး
2019.11.23
ponnagyun-622 ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ကို မြင်တွေ့ရစဥ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော် တိုက်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အထဲမှာ အခုလို ပစ်ခတ်မှုတွေကြောင့် ထိခိုက်သူတွေဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

ပုဏ္ဏားကျွန်းမြို့က တပ်မတော် တပ်ရင်း ၅၅၀ ရှေ့မှာ မနေ့ညက မြို့ခံနှစ်ဦး ဆိုင်ကယ်နဲ့ဖြတ်သွားချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

အခုတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ သူတို့နှစ်ဦး ကုသမှု ခံယူနေတယ်လို့  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ညက ၉ နာရီကျော်မှာ အဲဒီတပ်ရင်း ၅၅၀ ရှေ့ကဖြတ်သွားတာ၊ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ သူတို့အချိန်လုပြီး ဖြတ်သွားတာထင်ပါတယ်၊ အဲမှာပစ်တာ၊ တစ်ယောက်ကပေါင်မှာ တစ်ယောက်က ခြေသလုံးမှာထင်တယ် ထိသွားတာ၊ အခုတော့ ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံမှာထင်ပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ည ၉ နာရီကနေ မနက် ၆နာရီအထိ အပြင်မထွက်ရဆိုတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မနေ့ညက ပစ်ခတ်မှုဟာ ညမထွက်ရအမိန့်ထုတ်ထားတဲ့ ည ၉ နာရီ ကျော်သွားတဲ့နောက်ပိုင်း ဖြစ်သွားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ တပ်မတော်က အစစ်အဆေးမခံတဲ့ ဆိုင်ကယ်တွေကိုသာ သတိပေး ပစ်ခတ်တာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တားခိုင်းတဲ့အခါ၊ ရပ်ခိုင်းတဲ့အခါမှာ မရပ်ဘဲပြေးမယ် ဆိုရင်တော့ ခြောက်လှန့်ပစ်မယ် ဒါရှိတယ်

“ကျနော်မကြားရသေးဘူး၊ မဟုတ်ဘူးထင်တယ်၊ ပစ်ရင် ကျနော်တို့အကြောင်းကြားမှာပေါ့ ကျနော်တို့တောင် မသိဘူး၊ ကျနော်တို့မှာ ၉ နာရီနောက်ပိုင်း စစ်တာဆေးတာ မရှိပါဘူး၊ မြို့ပေါ်တွေမှာ မလုပ်ပါဘူး၊ စစ်တဲ့ဆေးတဲ့အချိန်ရှိရင်တော့ ကျနော်တို့က စစ်မယ်၊ တားခိုင်းတဲ့အခါ၊ ရပ်ခိုင်းတဲ့အခါမှာ မရပ်ဘဲပြေးမယ် ဆိုရင်တော့ ခြောက်လှန့်ပစ်မယ် ဒါရှိတယ်”

ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက်က ကန့်သတ်တာမျိုးတွေ မလုပ်ဘဲ တချို့မြို့နယ်တွေ၊ ကျေးရွာတွေမှာ ညဘက်သွားလာတာတွေရှိတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ညမထွက်ရအမိန့် ထုတ်ထားတဲ့ မြို့တချို့မှာ အခုလိုပစ်ခတ်တာတွေကြောင့် သေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်နေ့က - စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တပ်မတော်ဘက်က ပစ်ခတ်လို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့ အပေါက်ဝကျေးရွာမှာ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို တပ်မတော်က တားဆီးရာမှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်ခတ်လိုက်တာကြောင့် သေဆုံးခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ လုံခြုံရေးအရစစ်ဆေးဖို့ ဆိုင်ကယ်ရပ်တန့်ခိုင်းတာကို မရပ်တန့်ဘဲ မောင်းနှင်တာကြောင့် ပစ်ခတ်တာလို့ ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ကို အကြောင်းပြပြီး ပစ်ခတ်တာ မဖြစ်သင့်ဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“ဒါကတော့ အကြောင်းပြပြီး ရမ်းသမ်းပစ်တယ်လို့မြင်ပါတယ်၊ ဥပဒေတစ်ခုအကြောင်းပြပြီး အပြစ်မဲ့ ပြည်သူတွေကို ရမ်းသမ်းပစ်ခတ်တာဟာ ချိုးဖောက်မှုတစ်ခုပဲလို့ မြင်တယ်၊ ပစ်တဲ့နေရာကလည်း မြို့ထဲမှာဖြစ်နေတာ၊ အဲအချိန်မှာတချို့လည်း အလုပ်အကိုင်နဲ့ပတ်သက်လို့ မြို့ထဲက ကိုယ်အိမ်ကိုယ် သွားလာတာတွေရှိတာပေါ့၊ အဲဒါတွေကို လှမ်းပစ်တာဆိုရင် လွန်တာပေါ့ဗျာ၊ မဖြစ်သင့်ဘူးလို့ထင်တယ်”

နယ်မြေမတည်ငြိမ်မှုကြောင့် ဒီလို ညမထွက်ရအမိန့်ထုတ်ထားပေမယ့် ဒေသခံတွေမှာလည်း ညဘက်အရေးတကြီး သွားလာဖို့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ ကျန်းမာရေးနဲ့ အခြားအရေးပေါ်ကိစ္စတစ်ခုခုအတွက် ည ၉နာရီ နောက်ပိုင်း အပြင်ထွက်မယ် ဆိရင် အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး သွားလာလို့ရတယ်လို့ ဆိုပါတယ်။

“မဖြစ်မနေသွားရမယ့် ကျန်းမာရေးကိစ္စတို့ဘာတို့ဆိုရင် ကျနော်တို့ကနေ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့တင်ပြတယ်၊ သူကနေတဆင့် ရဲတို့တပ်တို့ကို အကြောင်းကြားတာပေါ့၊ အဲဒါဆိုရင်သွားလို့ရပါတယ်၊ အသိပေးထားရင်”

ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းအပါအဝင် ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး စတဲ့ ငါးမြို့နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။