ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦးအထိ ရှိလာ

RFA Burmese
2025.01.01
ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦးအထိ ရှိလာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာ လေကြောင်းသုံး ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (PYA) မှ ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဥ်။
PYA Photo

Updated 3:53 PM, Jan 2, 2025

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာကြောင့် အရပ်သား သုံးဦး နေရာမှာတင် သေဆုံးပြီး ဒဏ်ရာရသူတွေထဲက နှစ်ဦး ဆေးကုသဖို့ ပို့ဆောင်စဥ် လမ်းခရီးမှာ သေဆုံးသွားတယ်လို့ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (PYA) က ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

ယိုးတရုပ်ရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပုဏ္ဏားကျွန်းမြို့က အသက် ၉ နှစ်ရွယ် မောင်မျိုးဟိန်းအောင်နဲ့ ရွာခံဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးလှဖြူတို့ ထပ်မံ သေဆုံးသွားတာပါ။ ကျောင်းထိုင်ဆရာတော် တစ်ပါး အပါအဝင် ဒဏ်ရာရသူ ဆယ်ဦးကတော့ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ယိုးတရုပ်ရွာကို ဗုံးလေးလုံး ကြဲချခဲ့တာဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့သလို အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ကိုဇော်မျိုးထွန်း၊ မဦးဆန်းနွယ်နဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်မသာလှနဲ့တို့က နေရာမှာတင် သေဆုံးခဲ့တာလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးသားဖြစ်လို့ တိုက်ပွဲတွေ မရှိတော့ပေမဲ့ AA ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ လည်ပတ်လို့မရအောင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာလို့ ရခိုင်စစ်ရေး လေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကတော့ စစ်တပ်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေမှာ AA တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်လို့မရအောင်ပေါ့။ မင်းတို့ မြို့တွေကို ဘယ်လောက်ပဲ သိမ်းထား သိမ်းထား ငါတို့ အချိန်မရွေး ဗုံးလာကြဲလို့ ရတယ် အဲဒီလိုပေါ့။ ပြီးရင် အရပ်သားတွေ အချိန်တိုင်း ကြောက်လန့်နေအောင်၊ စိုးရိမ်နေအောင် လုပ်တာပေါ့။ AA ကြောင့် ငါတို့ဗုံးကြဲခံရတာ အဲဒီလို အပြစ်မြင်လာအောင် ဖိအားပေးတဲ့သဘောပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူး။ ပြည်သူတွေက ပိုပြီး စစ်တပ်ကို စိတ်နာသွားမယ်။ ပြီးရင် AA က ပြောထားတဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဥ်တွေကိုလည်း ထိခိုက်သွားနိုင်တယ်လို့ မြင်ပါတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ရက်နေ့ကလည်း ဂွမြို့နယ် ကူးတို့လေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

(မှတ်ချက်။ ရခိုင်စစ်ရေးလေ့လာသူတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။