ပုဏ္ဏားကျွန်းမြို့နယ်က ရွာပေါင်း ငါးဆယ်နီးပါး သောက်သုံးရေ အခက်အခဲဖြစ်နေ
2024.05.14

[Update: 5: 15 PM, May 14, 2024]
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ငါးဆယ်နီးပါးမှာ သောက်သုံးရေကန်တွေ ခန်းခြောက်လာတာကြောင့် ရေရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက မေလ ၁၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။
သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ အထက်မြက်လှဲ အစရှိတဲ့ ရွာပေါင်း ငါးဆယ် နီးပါးက ဒေသခံတွေဟာ ဧပြီလကစလို့ အခု မေလအထိ ရေရှားပါးမှုနဲ့ ကြုံနေရတာလို့ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
"ရွာတစ်ရွာမှာ ရေကန်က နှစ်ခု သုံးခုရှိတာမှန်တယ်။ ဒါပေမဲ့ ဒီနှစ်က နေ့အပူချိန်များတော့ ရေအရမ်းခန်းတယ်လေ။ တချို့လူတွေဆို ရေတောင် ပုံမှန်မချိုးရတာ၊ သောက်ရေတောင် မရှိတာတွေ အဆင်မပြေ ဖြစ်နေတာ။ လှူပေးတဲ့အဖွဲ့တွေရှိပေမဲ့ ရေလိုအပ်နေတဲ့ ရွာတွေကများတော့ မလောက်ငဘူးဖြစ်နေတာ"
ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရေရှားပါးမှုကို နှစ်စဉ်ကြုံရပေမဲ့ ဒီနှစ်က ပိုမိုဆိုးရွားခဲ့ပြီး မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတဲ့ ဒေသခံတချို့လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
သောက်သုံးရေ ရှားပါးမှုကြုံနေရတဲ့ အထက်မြတ်လှဲကျေးရွာက အိမ်ထောင်စု ၁၃၀ ကျော်၊ လူဦးရေ ခုနစ်ရာကျော် ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒုက္ခသည် သုံးဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူတစ်ရာကျော်ကတော့ ဒီနေ့အထိ ဝမ်းရောဂါဖြစ်နေဆဲပဲလို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စခန်းမှာ အတော်လေးကို အခက်အခဲဖြစ်နေပါပြီ။ လူရာချီပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။ ကျွန်တော့် ကလေးလည်းဖြစ်နေတယ်။ စခန်းက လူသုံးယောက်လည်း အဲဒီရောဂါနဲ့ သေသွားပြီ။ အဓိကတော့ သောက်သုံးရေ မသန့်ရှင်းတာတွေ၊ အပူများတာတွေနဲ့ အိမ်သာတွေကြောင့်ဖြစ်တာ ထင်ပါတယ်”
ဒုက္ခသည်တွေဟာ အကူအညီအထောက်အပံ့တွေလည်း မရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြသလို ဆေးဝါးရှားပါးတာနဲ့ ငွေကြေးမရှိတာကြောင့် ဆေးကုသဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၁၄ သန်းခေါင်စာရင်းအရ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၉၄ ခု နဲ့ ကျေးရွာပေါင်း နှစ်ရာရှိပြီး လူဦးရေ တစ်သိန်းသုံးသောင်းနီးပါး နေထိုင်ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ရခိုင်ပြည်နယ်မှာ သောက်သုံးရေ ပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေရရှိထားပြီး ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာရသူတွေဟာ ရေရှားပါးမှုဒဏ် ခံရနိုင်သလို ရောဂါဘယ ထူပြောနိုင်ခြေလည်း ရှိနေတယ်လို့ မေလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(မှတ်ချက် - ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြင့်၏ ပြောဆိုချက်နှင့် UNOCHA ထုတ်ပြန်ချက်ပါ အချက်အလက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)