မန္တလေးက အုပ်ချုပ်ရေးမှူးအပါအဝင် လူနှစ်ဦး အသတ်ခံရ

2022.05.29
မန္တလေးက အုပ်ချုပ်ရေးမှူးအပါအဝင် လူနှစ်ဦး အသတ်ခံရ မန္တလေးမြို့ ကျုံးဘေးတစ်နေရာကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က အရက်ဆိုင်တစ်ခုမှာ မေလ ၂၈ ရက် မနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လူနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးရန်နိုင်ကျော်နဲ့ သူ့အဖော်တို့ အရက်ဆိုင်မှာ စျေးဝယ် နေကြတုန်း ဆိုင်ကယ်နှစ်စီးပေါ်ကနေ သေနတ်နဲ့ပစ်သတ်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"အရက်ဆိုင်ပေါ့၊ အဲဒီမှာ စျေးဝယ်နေကြတုန်း ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် ရောက်လာပြီး ပစ်သွားတယ်။ နှစ်ယောက်လုံး နေရာတင်သေသွားတယ်။ ပစ်ခဲ့တဲ့ သူတွေတော့ မဖမ်းမိပေမဲ့ စစ်သားတွေ မနေ့က တစ်ညလုံး ရပ်ကွက်တွေထဲ ဝင်မွှေနေတယ်။ ဆိုင်က စီစီတီဗွီ ရသွားတယ်လို့ ကြားတယ်"

သေဆုံးသွားသူတွေဟာ အသက် ၄၀ ကျော်အရွယ်တွေဖြစ်ကြပြီး မန္တလေးဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့မေလ ၂၂ ရက်ကလည်း မန္တလေးမြို့ရွှေမန်းတောင်အားကစားကွင်းမှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု ထောက်ခံပွဲကျင်းပနေချိန် လုံခြုံရေးတွေလည်း တင်းကျပ်နေချိန် စျေးချိုနဲ့ ခရိုင်တရားရုံးတို့မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။