ဖမ်းထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ KIA ကို CPJ တိုက်တွန်း
2024.10.22

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က အောက်တိုဘာ ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
Red News Agency က ဖားကန့်မြို့နယ် သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို KIA က ဖမ်းဆီးခဲ့တယ်လို့ CPJ က ဖော်ပြပါတယ်။
CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Mr.Shawn Crispin က “ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတိုင်းဟာ သတင်းသမားတွေကို ပစ်မှတ်မထားဘဲ ကာကွယ်ဖို့ တာဝန်ရှိတယ်” လို့ ကြေညာချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် KIA အနေနဲ့ သတင်းယူတဲ့ သတင်းသမားတွေကို မြန်မာစစ်ကောင်စီလို ဖမ်းဆီးထိန်းသိမ်းတဲ့လုပ်ရပ်မျိုး မလုပ်သင့်ကြောင်း၊ ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို လွှတ်သင့်ကြောင်းလည်း သူက KIA ကို တိုက်တွန်းပါတယ်။
ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခံရတဲ့ ပထမဆုံး သတင်းသမားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဖားကန့်မြို့နယ်က ဒေသတွင်းသတင်းတွေကို ရေးသားနေကြသူတွေဖြစ်ပါတယ်။
CPJ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို RFA ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
CPJ ရဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းသမား ၄၃ယောက် ဖမ်းဆီးအကျဉ်းချခံထားရပြီး၊ ကမ္ဘာမှာ သတင်းသမား ဖမ်းဆီးခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။