အာဏာသိမ်း လေးနှစ်နီးပါးအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.11.14
အာဏာသိမ်း လေးနှစ်နီးပါးအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရ ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီမှ မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းချိန် သတင်းသမားများအား တွေ့ရစဉ်။
RFA

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်နီးပါးကာလအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရပြီး ၅၄ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂၆ ဦးနဲ့ အမျိုးသား ၁၈၉ ဦးပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၅၅ ဦး ရှိတယ်လို့လည်း ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦး သေဆုံးခဲ့တဲ့အပြင် ဖမ်းဝရမ်းအထုတ်ခံရသူ ၅၆ ဦး ရှိနေပြီး စစ်ကောင်စီဟာ သတင်းမီဒီယာအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေဆဲဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ရှမ်းပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာခဲ့သလို မွန်ပြည်နယ်မှာလည်း သံလွင်တိုင်းမ်သတင်းထောက်ရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

၂ဝ၂၄ အောက်တိုဘာလထဲမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တစ်လကျော်ကြာ ဖမ်းဆီးထားတဲ့ ဖားကန့်အခြေစိုက် သတင်းသမားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းထောက်တွေကို KIA က ပြန်လွှတ်ပေးခဲ့ပေမဲ့လည်း သတင်းထောက်တွေနဲ့ သတင်းမီဒီယာလုပ်ငန်းတွေအတွက် အာမခံချက် နည်းသထက်နည်းလာပြီး မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ဆက်တိုက်ချိုးဖောက်ခံလာရတယ်လို့ အသံအဖွဲ့က ပြောပါတယ်။

KIA အနေနဲ့ သတင်းထောက်တွေအတွက် သတင်းရယူ၊ ဖြန့်ချိပိုင်ခွင့်ကို အာမခံပေးဖို့ လိုအပ်ပြီး သတင်းရေးသားတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေ ဆက်မလုပ်သင့်ဘူးလို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီရဲ့ တန်ဖိုးအနှစ်သာရတစ်ခုဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို KIA က အကာအကွယ်ပေးရမှာဖြစ်ပြီး ဒီလိုလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံရပြီး အန္တရာယ်အများဆုံးအဆင့်မှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။