မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း သတင်းသမား ၁၂၄ ဦး သေဆုံး

RFA Burmese
2025.02.12
မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း သတင်းသမား ၁၂၄ ဦး သေဆုံး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် သတင်းထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ)။
Citizen Photo

၂ဝ၂၄ ခုနှစ်အတွင်း မြန်မာသတင်းသမား သုံးဦးအပါအဝင် ကမ္ဘာတစ်ဝန်း အနည်းဆုံး သတင်းထောက် ၁၂၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံဟာ ပါလက်စတိုင်းက သတင်းထောက်တွေ ဖြစ်ပါတယ်။

CPJ က အချက်အလက်တွေ စတင်ကောက်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်ကာလအတွင်း ၂၀၂၄ ခုနှစ်ဟာ သတင်းထောက်တွေ အများဆုံး သေဆုံးခဲ့ရတဲ့နှစ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံရေး၊ ရာဇဝတ်မှုတွေနဲ့ စစ်မက်ရေးရာပဋိပက္ခတွေ နှစ်ဆတိုးလာခဲ့ပြီး ဆူဒန်၊ ပါကစ္စတန်နဲ့ မြန်မာတို့လို နိုင်ငံတွေမှာ သတင်းထောက်တွေ သေဆုံးမှုမြင့်မားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ၈၂ ဦး၊ လက်ဘနွန်မှာ ၃ဦးအပြင် နိုင်ငံပေါင်း ၁၆ နိုင်ငံက သတင်းထောက်တွေနဲ့ သတင်းမီဒီယာဝန်ထမ်း ၃၉ ဦး သေဆုံးမှုကို CPJ က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာက သုံးဦး၊ ဆူဒန်က ခြောက်ဦး၊ ပါကစ္စတန်က ၆ ဦး၊ မက္ကဆီကို ၅ ဦး၊ ဆီးရီးယားက ၄ဦး၊ အီရတ်က ၃ဦး၊ ဟေတီက ၂ဦး ပါဝင်ပါတယ်။

CPJ မှတ်တမ်းအရ သေဆုံးသူတွေဟာ သတင်းထောက်အလုပ်အကိုင်ကြောင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာ၊ ပဋိပက္ခဇုန်အတွင်း သတင်းယူရင်း သေဆုံးတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်က ကိုဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း၊ မွန်ပြည်နယ်က ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ သတင်းသမားသုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

၂ဝ၂၄ ခုနှစ်အတွင်း သတင်းသမားတွေ သေဆုံးမှုဟာ သတင်းထောက်တွေနဲ့ မီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေ ပိုကြီးလာတာကို ညွှန်ပြနေသလို ကမ္ဘာတစ်ဝန်း သတင်းစီးဆင်းမှုကို ခြိမ်းခြောက်နေတာလည်းဖြစ်တယ်လို့ CPJ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။