ကသာမြို့မှာ အမှိုက်ပုံထဲက ဗုံးကြောင့် သားအမိနှစ်ဦး သေဆုံး

2022.09.01
ကသာမြို့မှာ အမှိုက်ပုံထဲက ဗုံးကြောင့် သားအမိနှစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တစ်နေရာကို တွေ့ရစဉ်
ဓာတ်ပုံ - လူထုနွေဦး

စစ်ကိုင်းတိုင်း ကသာမြို့နယ် စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ဧရာဝတီမြစ်ဘေး က ဇရပ်နားမှာ ဩဂုတ် ၃၁ ရက် မနေ့ မနက် ၁၁ နာရီလောက်က ပုံလင်းခွံ၊ ဘူးခွံတွေ လိုက်ကောက်နေတဲ့ သားအမိနှစ်ယောက် ဗုံးပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးဟာ အမှိုက်ပုံထဲမှာ ရှိနေရာကနေ ပေါက်ကွဲပြီး သေဆုံးသွားတာလို့ ကသာဒေသခံ တစ်ဦးက ပြောပါတယ်။

"ပုလင်းခွံတွေ လိုက်ကောက်တဲ့ သားအမိပေါ့လေ။ တစ်မြို့လုံး လိုက်ကောက်တာပေါ့။ ဗုံးပေါက်လို့ သေသွားတာ ကျနော် တွေ့တွေ့နေတဲ့ သားအမိပဲ။ စိတ်တော့ မကောင်းဘူး။ ဘုန်ကြီးကျောင်းရှေ့ ဇရပ်ရှိတဲ့ မြစ်ကမ်းဘေးမှာ လူတွေက အမှိုက်တွေ ပစ်ကြတယ်။ အဲအမှိုက်တောထဲမှာ မွှေကြတာနေမှာပေါ့။ အဲမှာပေါက်ကွဲလို့ ထိသွားတယ်"

အဲဒီဗုံးကြောင့် ၁၁ နှစ်အရွယ် သမီးဖြစ်သူက ဗိုက်ပွင့်ပြီး နေရာမှာတင် သေဆုံးသွားသလို မိခင်ဖြစ်သူ ဒေါ်ခိုင်မာလင်းကတော့ ခြေထောက်တစ်ဖက်နဲ့ ကျောတွေမှာ ဒဏ်ရာ အပြင်းအထန် ရရှိရာကနေ ကသာပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသနေစဉ် သေဆုံး သွားတာလို့လည်း ပြောပါတယ်။

အဲဒီဗုံးဟာ စွန့်ပစ်ထားတာလား၊ ရည်ရွယ်ချက်တစ်ခုခုနဲ့ ထောင်ထား တာလားဆိုတာကို မသိရသေးသလို ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကိုလည်း မသိရသေးပါဘူး။

"မြေနေရာအနေအထားအရတော့ အဲမှာ ဘာမှတော့ သွားလုပ်စရာ အကြောင်းမရှိဘူး။ တော်ရုံတန်ရုံလည်း အဲနားမှာ ဘယ်သူမှ သိပ်မသွားဘူး။ ဒါပေမဲ့ ကွဲတဲ့နေရာရဲ့ အပေါ်က ဇရပ်ပေါ့ကွာ။ အဲမှာ စကစဘက်ကဟာတွေတော့ ခဏတဖြုတ်တော့ နားတတ်တယ်ဗျ။ အမြဲတမ်း စစ်ကြောင်း လာပြီဆိုရင် အဲဇရပ်မှာ နားတတ်တယ်။ သူတို့ မကောင်းဘူးထင်လို့ စွန့်ပစ်ထားတဲ့ ပစ္စည်းတစ်ခုခုကများ ဖြစ်သလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်တွေက နားရင်လည်း အထဲမှာနားတာ။ သူတို့အတွက် ထောင်တာပြုတာဆိုရင်လည်း အထဲမှာပဲဖြစ်ရမယ်။ အခုအပြင်မှာဆိုတော့ မဖြစ်နိုင်ဘူး၊ အဲလိုတွေးမိတယ်" လို့ နောက်ထပ် ကသာဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ ကသာမြို့၊ မုံလတန်းရပ်ကွက်မှာနေထိုင်ပြီး ပုလင်းခွံ၊ ဘူးခွံတွေကောက်ပြီး အသက်မွေးနေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။