ရေဦးမြို့နယ်က ရွာနှစ်ရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၇ လောင်း တွေ့ရှိ

2022.05.13
ရေဦးမြို့နယ်က ရွာနှစ်ရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၇ လောင်း တွေ့ရှိ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာ မီး‌လောင်ပျက်စီးမှုများကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာနဲ့ အင်ပင်ရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၇ လောင်းကို မေလ ၁၂ ရက် မနေ့က ဒေသခံတွေ တွေ့ရှိခဲ့ကြပါတယ်။

အဲဒီရုပ်အလောင်းတွေကို မီးလောင်ကျွမ်းသွားတဲ့ နေအိမ်တွေထဲမှာ တွေ့ရတာလို့ လုံခြုံရေး အရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲလည်း မရှိဘူး၊ စစ်ကြောင်းထိုးရင်း ရောက်လာတာ။ ရွာမှာ တစ်ညအိပ်တယ်။ ရွာကလူတွေ ထွက်ပြေးကြတယ်။ ထွက်မပြေးနိုင်တဲ့သူ ကျန်ခဲ့တာ။ အိမ်တွေလည်း မီးရှို့ခံရတယ်။ အလောင်းတွေက မီးလောင်နေတဲ့ အိမ်တွေထဲမှာ တွေ့တာတွေလည်း ရှိတယ်။ အိမ်တချို့မှာဆို အလောင်း ငါးလောင်းလောက် တွေ့ရတယ်။ တချို့အိမ်တွေဆို နှစ်လောင်း တွေ့ရတယ်။ မီးရှိန်က မသေသေးတော့ အကုန်လုံးလည်း မရှာနိုင်ဘူး။ တချို့အလောင်းတွေကတော့ လမ်းမှာတွေ့ရတာ“

ရုပ်အလောင်း ၂၇ လောင်းထဲက ၁၇ လောင်းကို မုံတိုင်ပင်ရွာမှာ တွေ့ရှိရတာဖြစ်ပြီး ကျန် ၁၀ လောင်းကတော့ အင်ပင်ရွာမှာ တွေ့ရှိရတာလို့ ပြောပါတယ်။ မီးရှို့ခံထားရတဲ့ ရုပ် အလောင်းအချို့မှာ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။ သေဆုံးနေသူတွေဟာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံရွာသားတွေဖြစ်ပြီး နောက်ထပ်ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က မုံတိုင်ပင်ရွာကို ပစ်ခတ်ဝင်ရောက်ပြီး ညအိပ်စခန်းချခဲ့သလို နေအိမ် ၃၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့လည်း ပြောကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက် သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။

ရွာထဲကနေ စစ်ကြောင်းထွက်ခွာသွားချိန်မှာ ရွာဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းသုံးပါးကိုပါ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။