လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ကိုးနှစ်ထပ်ချခံရ၊ ပေါင်း ၃၃ နှစ်ရှိလာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ရွေးကောက်ပွဲမသမာမှုစွဲစွပ်ချက် အမှုသုံးခုနဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တရားရုံးက ထောင်ကိုးနှစ် ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရာဇသတ်ကြီးပုဒ်မ - ၁၃၀ (က) နဲ့ အမှုသုံးမှုစွဲခဲ့ပြီး တစ်မှုကို သုံးနှစ်စီနဲ့ စုစုပေါင်း ကိုးနှစ် ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"အမိန့်ချတာက နောင်ချိုတရားရုံးက ချတယ်။ အန်ကယ်ကတော့ လားရှိုးထောင်ထဲမှာပဲ။ တရားရုံးကို မသွားရဘူး။ ဗီဒီယို ကွန်ဖရမ်းဇင်းနဲ့ လုပ်တယ်။ သူ ကျန်းမာရေး ကောင်းပါတယ်"
အရင်ကလည်း သူ့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ - ၁၂၂ နဲ့ ထောင်အနှစ် ၂၀၊ ရာသတ်ကြီးပုဒ်မ - ၅၀၅ (က) အတွက် နှစ်နှစ်နဲ့ ပုဒ်မ - ၅၀၅ (ခ) အတွက် နှစ်နှစ် ထောင်ဒဏ်ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရမှာပါ။
အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင် ရထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာမသိမ်းခဲ့ဘူးဆိုရင် သူဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမယ့်သူလို့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းအကြား ပြောဆိုမှုတွေ ရှိခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံတစ်ဝန်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးနီးပါး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။
စစ်ကောင်စီက ဦးထွန်းထွန်းဟိန်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော် နေအိမ်အကျယ်ချုပ်ကနေ သူ့ရဲ့ဇာတိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို ပြန်ခွင့်ပြုခဲ့တာပါ။
သုံးရက်အကြာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ ရဲနဲ့ စစ်တပ်က ဦးထွန်းထွန်းဟိန်ကို ဖမ်းဆီးပြီး ဒီနေ့အထိ လားရှိုးအကျဉ်းထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။
NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ပါတီဝင် ၁၂၈၀ ကျော် အဖမ်း ခံထားရပါတယ်။
ဖမ်းဆီးခံထားရသူ ၁၂၈၀ ဦးထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်အမတ် ၇၆ ဦး ပါဝင်ပါတယ်။