ကျဆုံးသူရုပ်အလောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေထံ လွှဲပြောင်းပေးအပ်


2014.05.31
bangladesh-border-305 မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။
photo: RFA/Kyaw Kyaw Aung

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလ ၂၈ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူတစ်ဦး ရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ်အရာရှိတွေ လက်ထဲ ကို ဒီကနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ပျောက်ဆုံးနေသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တောင်းဆိုထား တာဖြစ်ပြီး၊ ဒီကနေ့မှာတော့ မြန်မာ့တပ်မတော်က နယ်စပ်မှာ လွှဲပြောင်းပေးလိုက်တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲမှူးကြီး မင်းအောင် က ပြောပါတယ်။

"ကျနော်သိရသလောက် ၁၁ နာရီလောက်မှာ သူတို့လွှဲလိုက်တယ်လို့တော့ သိပါတယ်၊ သူတို့အဖွဲ့ထဲက လူကြီးတစ်ယောက် လာယူတယ်လို့ပြောပါတယ်၊ လွှဲပေးတာတော့ ကျနော်တို့ တပ်မတော်အဖွဲ့က လွှဲပေးတာပါ"

ရခိုင်ပြည်နယ် မောင်တောနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၅၃၊ ၅၄ ကြားမှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်ဖွဲ့(BGB)တို့အကြား မနေ့က ညနေ ၄ နာရီလောက်ကလည်း တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုတဲ့ မောင်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကိုအတည်ပြု ပြောပါတယ်။

"မနေ့ကတော့ အဲဒီအလောင်းကို လွှဲပြောင်းပေးဖို့ ချိန်းတာပေါ့နော်၊ ချိန်းတော့ ဒီဘက်ကအဖွဲ့က လွှဲပေးဖို့စောင့်နေတာ၊ အဲဒီလွှဲပြောင်းယူမယ့်အဖွဲ့ရောက်လာပြီးတော့ စပစ်တယ်ပြောတာပဲ၊ အဲလိုနဲ့ အပြန်အလှန်ပစ်ကြတယ်ပြောတာပဲ"

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ အချိန် ၁၅ မိနစ်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အကျအဆုံးမရှိကြောင်းလည်း အဲဒီရဲအရာရှိကပြောဆိုပါတယ်။

ဘင်္ဂလားဒေ့်ရှ်-မြန်မာနယ်စပ် တင်းမာမှုနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်တောဒေသခံ ကုန်သည် ဦးလှမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့်ရှ်အရာရှိတွေလက်ထဲ  လွှဲပြောင်းပေးလိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲမှူးကြီး မင်းအောင်ကို RFA အဖွဲ့သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။