မြစ်ကြီးနားသွားရထား မိုင်းခွဲခံရလို့ ရဲဝန်ထမ်းတစ်ဦး သေဆုံး
2013.01.10

စက်ခေါင်းတွဲရဲ့နောက်မှာရှိတဲ့ ခရီးသည်တွဲရဲ့ အလယ်တည့်တည့်ကို ဖောက်ခွဲခံရတာဖြစ်ပြီး လူစီးတွဲနဲ့ ကုန်တင်တွဲ အပါအဝင် စုစုပေါင်း ရထားတွဲ ၅ တွဲလမ်းချော် တိမ်းမှောက်ခဲ့ပြီး ရထားရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့သလို ခရီးသည်တချို့ ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ရတဲ့ ဟိုပင်ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ည ၁၀နာရီ ၁၅မှာကြီးမားတဲ့ အသံကြီးကို ကျွန်တော်တို့ ကြားရတယ်၊ ရထားမှာ လုံခြုံရေးပါသွားတယ်၊ ရထားတွဲငါးတွဲကတော့ အားလုံး သံလမ်းပေါ်ကနေကျပြီးမှ တစ်ချို့က ပက်လက်လန်သွားတယ်၊ တစ်ချို့က လဲကျနေတယ်၊ သံလမ်းကို မိုင်းထောင်ပြီးမှ ခွဲတဲ့ သဘောပါဗျ"
မနက်ဖြန်မှာ ရထားတွေ ပုံမှန်အတိုင်း ပြန်သွားနိုင်ဖို့အတွက် ရထားလမ်းပြင်ဆင်နှေုမှုတွေဟာ ညနေပိုင်း ၆ နာရီလောက်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းကြောင်း မြစ်ကြီးနားဘူတာရုံ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ရက်သတ္တပတ် ၃ ပတ်အတွင်း ရထားသံလမ်းမိုင်းခွဲခံရတာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ဖြစ်ပြီး အခုတစ်ကြိမ်ဟာ အဆိုးဆုံးအခြေအနေလို့ သိရပါတယ်။