မိုးညှင်းဘူတာနားမှာ ဗုံးပေါက်ကွဲ
2012.12.27

မိုးညှင်းမြို့အဝင် ၊ အုတ်ကျင်းရပ်ကွက်ထိပ်၊ တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ ကို ရှေ့ပြေးရထား ဖြတ်သန်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်သားတွေ လိုက်ပါတဲ့ ရှေ့ပြေးလုံခြုံရေး ရထား နဲ့ ခရီးသည်တင် ရထားတွဲကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ခရီးသည်တင် ရထားတွဲကတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲသံ ကြားပြီးနောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ရထားသံလမ်းကို ညတွင်းချင်း ပြင်ဆင်တဲ့အသံတွေ ကြားရတယ်လို့ မိုးညှင်းဒေသခံ ဦးစိုင်းထွန်းက RFA ကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်မှာ ရထားလမ်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။
အခုလ (၂၁ ) ရက်နေ့ကလည်း မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ မီးရထားသံလမ်း မိုင်းပေါက်ကွဲခဲ့မှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။