နှိပ်စက်ညှဉ်းပန်းမှု ကာကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
2018.06.26
မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ လျော့နည်းပပျောက်အောင် ပြည်တွင်းက ဖိနှိပ်တဲ့ဥပဒေတချို့ကို ပြင်ဆင်ဖို့နဲ့၊ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ကို လက်မှတ်ထိုးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို ဒီနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၊ လူ့အခွင့်အရေးမှတ်တမ်းများကွန်ယက် ND-Burma၊ ဝိမုတ္တိအမျိုးသမီးများအဖွဲ့ VWO၊ နဲ့ အာရှလူ့အခွင့်အရေးနဲ့ တရားမျှတရေးအဖွဲ့ AJAR တို့ ပူးပေါင်းတောင်းဆိုလိုက်တာပါ။
ဒါနဲ့ပတ်သက်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က...
“မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဖြစ်ပေါ်စေတဲ့ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်၊ ပယ်ဖျက်ဖို့လိုတယ်။ ဒီလိုပဲ နိုင်ငံတကာက စံနှုန်းတွေအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လိုက်နာဖို့အတွက် နိုင်ငံတကာစာချုပ်စာတမ်းတွေကိုလည်း လက်မှတ်ထိုး လိုက်နာပြီး အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ နောက်တခါ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာဆိုရင်... အရင်အစိုးရအဆက်ဆက် ကျူးလွန်ထားတဲ့ တာဝန်ရှိတဲ့လူတွေကို နောက်ကြောင်းပြန် မသက်ရောက်ရ... ဆိုတာမျိုးတွေကို ပယ်ဖျက်ပေးဖို့ လိုတယ်”
မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေဟာ ပြည်တွင်းစစ်နဲ့အတူ ဖြစ်ပေါ်နေတဲ့အတွက် ငြိမ်းချမ်းရေးရမှသာ နှိပ်စက်မှုတွေ လျော့နည်းပပျောက်နိုင်မှာဖြစ်လို့ လက်နက်ကိုင်ပဋိက္ခ ချုပ်ငြိမ်းရေးကလည်း အရေးကြီးသလို၊ ပြည်သူတွေကြားမှာလည်း အသိပညာပေးဖို့၊ တရားမျှတတဲ့ဥပဒေတွေ စိုးမိုးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။
ဒါ့ပြင် စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရအဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ အရပ်သားတွေကို စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေ နှိပ်စက်ညှဉ်းပန်းတာတွေ ရပ်ဖို့၊ ချိုးဖောက်ခံရသူတွေကို တရားဥပဒေအရ အကာအကွယ်ပေးပြီး၊ ချိုးဖောက်သူတွေကို အရေးယူဖို့၊ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ကို လက်မှတ်ထိုးဖို့၊ ညှဉ်းပန်းနှိပ်စက်ခံထားရသူတွေကို ဘယ်လိုပြန်ပြီး ကုစားပေးမလဲဆိုတာကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့... ဆိုတဲ့အချက် (၆) ချက်ကို အဖွဲ့အသီးသီးက တောင်းဆိုလိုက်ပါတယ်။