ကုလားဂုတ်ကျွန်းမှာ လေဆင်နှာမောင်းတိုက်ခိုက်


2019.01.08
tornado-622.jpg ရေးမြိုနယ် ကုလားဂုတ်ကျွန်းက အောက်ဆိပ်ရွာမှာ ၂၀၁၉ ဇန်နဝါရီလ ၈ ရက်နေ့က လေဆင်နှာမောင်းတိုက်ခဲ့တာကြောင့် အဆောက်အဦးတွေ ပျက်စီးနေစဉ်
Credit - San Myo Naing

မွန်ပြည်နယ် ရေးမြိုနယ် ကုလားဂုတ်ကျွန်းက အောက်ဆိပ်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီခွဲကျော်လောက်ကစပြီး လေဆင်နှာမောင်းဟာ အောက်ဆိပ်ကျေးရွာမှာ ဝင်ရောက် တိုက်ခိုက်တာဖြစ်ပါတယ်။ နေအိမ်တစ်ရာကျော်ကတော့ အမိုးလန်ပြီး ပျက်စီးမှု အနည်းငယ်ရှိတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေလည်း အမိုးလန်တာတွေ ပြိုကျတာတွေရှိခဲ့သလို့ ဓာတ်တိုင်တွေ လည်း ပြိုကျပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထိခိုက်ပျက်စီးတဲ့ နေအိမ်စာရင်းကို ကောက်ခံနေဆဲဖြစ်တာကြောင့် အတိအကျမပြောနိုင်သေးဘဲ မြို့နယ်အဆင့် ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး ပြိုကျတဲ့သစ်ပင်တွေ၊ နေအိမ်တွေကို ရှင်းလင်းတာတွေနဲ့ စားသောက်ဖို့ ကူညီဆောင်ရွက်နေတယ်လို့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

မနက်ဖြန်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ပြည်နယ်က ဝန်ကြီးတွေ လာရောက်ကြမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

အဲဒီကျွန်းပေါ်မှာ ပသျှူးဆိပ်၊ အပေါ်ဆိပ်၊ အောက်ဆိပ်၊ အလယ်ဆိပ် ဆိုတဲ့ ရွာလေးရွာရှိပြီး အောက်ဆိပ်ရွာမှာပဲ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။