လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့် လူ ၂ ဦး သေဆုံး
2017.06.12

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စံပြကျေးရွာမှာ ဒီနေ့ မနက် ၃ နာရီလောက်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို ယိုးတရုတ်တိုက်နယ်ဆေးရုံကိုတင်ထားရတယ်လို့ ယိုးတရုတ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က ပြောပါတယ်။
"ထိခိုက်ဒဏ်ရာရတဲ့သူက ၄ ယောက်ပါ၊ တိုက်နယ်ဆရာဝန်က စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်"
သေဆုံးသူတွေဟာ လေနဲ့အတူလွင့်ပါပြီး သေဆုံးတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လေဆင်နှာမောင်းကြောင့် နေအိမ် ၁၈ လုံးဟာ လုံးဝပျက်စီးသွားပြီး နောက်ထပ် နေအိမ် ၁၆ လုံးကတော့ ခေါင် မိုးတွေပျက်စီးသွားတယ်လို့ဆိုပါတယ်။
နေအိမ်ပျက်စီးသွားသူတွေကတော့ နီးစပ်ရာမှာ ခိုလှုံနေကြရပါတယ်။ သေဆုံးသူတွေနဲ့ နေအိမ်ပျက်စီးသွားသူတွေ အတွက် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဒီနေ့မနက်က ငွေကြေးအချို့နဲ့ ဆန်အိတ်တွေ ပေးအပ်သွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀)ခန့်နဲ့တိုက်ခတ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ လေ၊ လှိုင်းနဲ့ မိုး ကောင်းနေ ဆဲဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ က ဒီနေ့ မနက် က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ထားပါတယ်။