တွန်းဇံမှာ ဆေးကုသခွင့်မလုံလောက်လို့ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံး

RFA Burmese
2024.05.24
တွန်းဇံမှာ ဆေးကုသခွင့်မလုံလောက်လို့ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံး ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဖိုင်တူရွာအနီးက တောထဲမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ မေလ ၂၂ ရက်နေ့က သေဆုံးသွားတယ်လို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ၀န်းကျင်အရွယ် ကိုပျပျန် (Pia Piang) ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရင်း ဖျားနာရာကနေ တောထဲမှာ ဆေးဝါးမရှိလို့ ဆေးမကုသနိုင်ဘဲ သေဆုံးခဲ့တာလို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

“တီးတိန်တို့၊ ကလေးတို့ဘက်မှာ ထွက်ပြေးရှောင်တဲ့သူ ပိုအဆင်ပြေတာ။ အခုတောထဲကို ရှောင်တဲ့သူတွေအတွက် ဆေးဝါးနဲ့ အမိုးအကာ၊ အစားအသောက် လိုအပ်နေတယ်။ အဲဒီနေ့က တောထဲမှာ ဆေးဝါးတွေမရှိတော့ ဆေးမကုနိုင်ဘူး။ အချိန်မီ ကလေးမြို့ကို မပို့နိုင်တော့ သေသွားတယ်။ ဆေးဝါးနဲ့ အစားအသောက် အဓိကလိုအပ်တယ်”

လက်ရှိမှာတော့ တွန်းဇံမြို့ပေါ် အပါအဝင် တွီးတုန်၊ ဖိုင်တူ၊ လုံတပ်၊ နာ့ဇန် စတဲ့ ရွာ ၁၅ ရွာခန့်က ဒေသခံ တစ်သောင်းခွဲခန့်ဟာ တီးတိန်မြို့၊ ကလေးမြို့နဲ့ အနီးအနားက တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်ကတော့ တွန်းဇံမြို့ကိုပြန်ရနိုင်ရေး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု‌တွေ နေ့စဥ်ပြုလုပ်နေသလို စစ်သားအင်အားကိုလည်း လေယာဉ်နဲ့လာရောက်ပို့ဆောင်ပြီး အင်အားဖြည့်တင်း‌နေတယ်လို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ပြောပါတယ်။

တွန်းဇံမြို့က ရဲစခန်း၊ စစ်တပ်စခန်းကုန်း၊ ဆိုင်ကလုန်းစင်တာ အပါအဝင် မြို့ထဲက ဌာနဆိုင်ရာရုံးတွေအားလုံးကိုတော့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။