နမ္မတူမြို့နယ်မှာ TNLA နဲ့ RCSS တိုက်ပွဲဖြစ် ဒေသခံ ၄၀၀ ထွက်ပြေးနေရ
2019.01.03

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာနဲ့ နားငူးနားဟန်းကျေးရွာကြားမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေက တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ရွာသား ၄၀၀ လောက်ဟာ နေရပ်တွေကို စွန့်ခွာထွက်ပြေး လာကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ နမ္မတူ ပုဗ္ဗါရုံကျောင်းမှာ ဒုက္ခသည် ၄၀ လောက်ကို နေရာချထားပေးထားကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
မန်စံကျေးရွာမှာ ခိုလှုံနေတဲ့ နားကျိုင်းရွာသားတွေကတော့ မနေ့က ကျေးရွာထဲကို လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲတာကြောင့် ထွက်ပြေးလာတာဖြစ်ကြောင်း နားကျိုင်းရွာသူကြီး ဦးစံမြတ် က RFA ကိုပြောပါတယ်။
လတ်တလော မန်စံရွာမြောက်ကျောင်းမှာ နားကျိုင်း၊ နားငူးနားဟန်း၊ နားအောစတဲ့ရွာတွေက ရွာသား သုံးရာတစ်ဆယ်ဝန်းကျင်လောက်ခိုလှုံနေပြီး TEC ဘော်ဒါဆောင်မှာ ဂျာယန်ရွာက ရွာသားဆယ့်ငါးဦး ရောက်ရှိခိုလှုံနေပါတယ်။
ဒီကနေ့နေ့လယ်ပိုင်မှာတော့ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန် ခွဲရေးဌာနက လှူဒါန်းတဲ့ စစ်ရှောင်လူတစ်ဦးကို ထောက်ပံ့ငွေ နှစ်ထောင့်တစ်ရာကျပ်ကို လာရောက်ပေးခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထွက်ပြေးလာသူတွေအတွက် လိုအပ်တဲ့ စောင်နဲ့ အနွေးထည် စတဲ့ ပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
မန်ဝါနဲ့ နားငူးကျေးရွာတဝိုက်မှာ TNLA နဲ့ RCSSတပ်တွေ ထပ်မံတိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေရှိနေတယ် လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲကြောင့် ရွာသားတွေထွက်ပြေးနေရတာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ဟာ သီးနှံတွေရိတ်သိမ်း ရောင်းချရမယ့် အချိန်ကာလဖြစ်တာကြောင့် နေရပ်တွေကို ပြန်လိုကြပြီး ကျေးရွာအနီး တိုက်ပွဲတွေမဖြစ်ကြဖို့ မေတ္တာရပ်ခံလိုတယ်လို့ ပြောကြပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။