တိုက်တေနီယမ် သတ္တု မောင်တောခရိုင်မှာ တူးဖေါ်မည်
2013.10.06
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာရှိတဲ့ အငူမော်ကမ်းခြေနဲ့ အလယ်သံကျော် ကမ်းခြေတစ်လျှောက် ရှားပါး တိုက်တေနီယမ် သတ္တုကုန်ကြမ်းတွေကို ရှာဖွေထုတ်လုပ်ပြီး တရုတ်နိုင်ငံကို တင်ပို့မယ်လို့ သိရပါတယ်။
ပြည်တွင်းအခြေစိုက် သတ္တုရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Finder ကုမ္ပဏီကို အစိုးရက တရားဝင်တူးဖော် ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို မကြာခင်စတင်လုပ်ဆောင်တော့မယ်လို့ Gold Finder ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမောင်မောင်က RFA ကို ပြောပါတယ်။
" ကျွန်တော်တို့ကို ပြည်ထောင်စု ဝန်ကြီးဌာနကချပေးတဲ့ အချက် ၃ ချက်ကို ပြည်နယ်အစိုးရ ရုံးကနေ အကြောင်း ပြန်လိုက်တယ်၊ အချက် ၃ ချက်ကို ကန့်ကွက်ရန်မရှိဘူး သဘောတူတဲ့ အကြောင်းပေ့ါ၊ စီမံကိန်းရှိ၊ မရှိ၊ စိုက်ပျိုးရေးမြေ လွတ်ကင်း၊ မလွတ်ကင်းပေါ့၊ လုံခြုံရေး ရရှိ၊ မရရှိပေါ့၊ အဲ့ ၃ ချက်ပေါ့၊ လုပ်ငန်းက စတင်တော့မှာ"
ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေနဲ့ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေမှာရှိတဲ့ ၄၉ ဧကစီပါဝင်တဲ့ လုပ်ကွက်ပေါင်း ၁၀ ကွက်၊ စုစုပေါင်းဧက ၄၉၀ လောက်မှာ စမ်းသပ်တူးဖော်လုပ်ကိုင်တဲ့ အဆင့်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှားပါးတိုက်တေနီယမ် သတ္တုတူးဖော်လုပ်ကိုင်ရာမှာ လိုအပ်တဲ့စက်ပစ္စည်းတွေနဲ့ ပညာရှင်တွေကို တရုတ်နိုင်ငံက ခေါ်ယူလုပ်ကိုင်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်တွေမှာတော့ ဒေသခံတွေကို ဦးစားပေးခန့်အပ်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုက်တေနီယမ်သတ္တုကိုသန့်စင်ရာမှာ လျှပ်စစ်ဓာတ်အားပမာဏအများအပြား သုံးစွဲဖို့လိုအပ်တဲ့အတွက် ရန်ကုန်နဲ့ ကျောက်ဖြူ စက်ရုံတည်ဆောက်ဖို့ လောလောဆယ် စဉ်းစားထားပြီး သတ္တုကုန်ကြမ်းတွေကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့သွားမယ်လို့လည်း သိရပါတယ်။
Gold Finder ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး အငူမော်ကမ်းခြေနဲ့ အလယ်သံကျော်ကမ်းခြေတွေမှာ တိုက်တေနီယမ်နဲ့ အလူမီနီယမ်သတ္တုတွေကို စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကမ်းခြေတွေက ပထမအဆင့်သန့်စင်ထားတဲ့ သဲမြေတွေဟာ သာမာန်သဲတစ်အိတ်ထက် ၁၀ ဆခန့် ပိုလေးသလို သဲတန်ချိန် ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ်သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။