တစ်ရှူးငှက်ပျော တိုးချဲ့စိုက်ပျိုးခွင့်မပြုကြောင်း ဝန်ကြီးချုပ် ပြော
2018.06.24

ကချင်ပြည်နှယ်မှာ တစ်ရှူးငှက်ပျောတွေကို ဆက်ပြီးတိုးချဲ့စိုက်ပျိုးခွင့်မပြုတော့ဘူးလို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ MCC ခန်းမမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ညီလာခံကို တက်ရောက်တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က သတင်းမီဒီယာသမားတွေကို ပြောလိုက်တာဖြစ်ပါတယ်။
"အန်ကယ်တို့က ငှက်ပျောကို ဆက်ပြီးစိုက်ဖို့ ခွင့်မပြုတော့ဘူး။ ကန့်သတ်လိုက်ပြီနော်၊ သူကတစ်ခါစိုက်ပြီးရင် ၅ နှစ်လောက် ဆက်ပြီးတော့ စိုက်စရာမလိုဘူးလေ၊ သူတို့ဟာသူတို့ နောက်နှစ်နောက်နှစ် ပြန်ပြန်ပြီး အပင်က ထွက်တာပေါ့နော်"
ဒါ့အပြင် အဲဒီတစ်ရှူးငှက်ပျော စိုက်ပျိုးမှုတွေနဲ့ပတ်သက်ပြီး ကော်မတီတစ်ခုဖွဲ့စည်းကာ ဖြေရှင်းသွားမယ်လို့ ဒေါက်တာ ခက်အောင်က ဆက်ပြောပါတယ်။ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုတွေကို လက်ရှိအစိုးရလက်ထက်မှာ ခွင့်ပြုတာမဟုတ်ဘဲ အရင်အစိုးရအဆက်ဆက် လက်ထက်ကတည်းကဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က ကန့်ကွက်မှုတွေ ရှိနေသလို ကချင်ပြည်နယ်လွှတ်တော်မှာလည်း နှစ်ကြိမ်လောက် မေးမြန်းမှုတွေရှိခဲ့ရာမှာ အဲဒီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့က အဲဒီစိုက်ပျိုးမှုတွေကို အစိုးရက တရားဝင် ခွင့်မပြုထားဘူးလို့ ဖြေခဲ့ပါတယ်။
လက်ရှိတရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေမှာ လုပ်ကိုင်နေတာဟာ တရုတ်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံသားတွေ အများဆုံးဖြစ်နေပါတယ်။
အဲဒီလုပ်ငန်းကို လာရောက်လုပ်ကိုင်နေကြသူတွေထဲမှာ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်ပေမယ့် အဲဒီ တရုတ်နိုင်ငံသားတွေဟာ တရားဝင်ခွင့်ပြုချက်နဲ့ နေထိုင်ကြတာဖြစ်တယ်လို့ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။
တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာတည်ရှိပြီး အစိုးရကတော့ စိုက်ပျိုးဧကသောင်းဂဏန်းသာရှိတယ်လို့ ဆိုထားပေမယ့် ဒေသခံတွေကတော့ ဧကသိန်းနဲ့ချီရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။