လွှတ်တော်အာဏာရှင် စနစ် ပေါ်လာမှာကို ရွေးကော် ဥက္ကဌ စိုးရိမ်


2016.02.29
national-post-election-conference-620.jpg ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး ပြုလုပ်စဉ်
Photo: Kyaw Htoon Naing/RFA

လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မပြဌာန်းနိုင်သေးတဲ့အတွက် လွှတ်တော်အာဏာရှင်စနစ် ပေါ်လာမှာကို စိုးရိမ်မိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နိုင်ငံလုံးအဆင့် အစည်းအဝေး အခမ်းအနားမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောလိုက် တာ ဖြစ်ပါတယ်။

"ကျနော်က လွှတ်တော်ကိုယ်စားလှယ် ရွေးပေးလိုက်တယ်၊ နိုင်ငံတိုးတက်အောင် လုပ်စေချင်တယ်၊ ဒီလွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင် လူထုကပြန်ဖြုတ်ချရမယ်၊ ရှိဖို့သင့်တဲ့အကြောင်း ကျနော်ကပြဌာန်းပါလို့ပြောတယ်၊ ကျနော်ကိုယ်တိုင်လည်း ရေးပြီးတော့တင်ခဲ့တယ်၊ လုပ်သားပြည်သူလေ့လာနိုင်လည်း သတင်းစာထဲထည့်ခဲ့လိုက်တယ်၊ သို့သော်လည်း ဒီဥပဒေဟာ မပြဌာန်း လာတဲ့အခါကျ လွှတ်တော်အာဏာရှင်စနစ်တွေ ပေါ်လာမှာ ကျနော်စိုးရိမ်တယ်၊ ဒီ Recall Law မအောင်မြင် တာပေါ့လေ၊ သို့သော်လည်း လွှတ်တော်မှာ Recall Law ကြီးကို ဆိုင်းငံ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်၊ ကျနော့်ဘက်က Recall Law ကြီး မပေါ်ပေါက်တာ အားမရဘူးလို့ပဲ ပြောချင်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁%က တိုင်ကြားလာရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

လွှတ်တော်မှာ ကိုယ်စားလှယ်အများစုအနိုင်ရထားတဲ့ တစ်ပါတီတည်းက ကြီးစိုးလာမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းကြောင်းနိုင်ဖို့အတွက် ဒီဥပဒေဟာ ပြဌာန်းသင့်တယ်လို့ ဦးတင်အေး က ပြောပါတယ်။

အဲဒီဥပဒေပြဌာန်းဖို့အတွက် ဦးတင်အေးဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စတင်ထမ်းဆောင်စဉ်က ပြဌာန်းပေးဖို့ လွှတ်တော်မှာတင်ပြခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ဆိုင်းငံ့ထားခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်းအေး ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။