မြန်မာစစ်သားတွေ လက်နက်ချကြဖို့ တီမောသမ္မတတိုက်တွန်း
2023.12.10

မြန်မာစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အောက်ခြေစစ်သားတွေအနေနဲ့ လက်နက်ချပြီး ပြည်သူလူထုဘက်က ရပ်တည်ဖို့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လတ်တလော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သားတွေ အလုံးအရင်းနဲ့ လက်နက်ချလာနေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။
"မြန်မာ့တပ်မတော်ထဲက စစ်သားတွေကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ဟာ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ သားသမီးတွေ ဖြစ်ပါတယ်။ အရာရှိတွေ ဗိုလ်မှူးတွေ၊ တပ်ကြပ်တွေ ခင်ဗျားတို့ အားလုံးဟာ ပြည်သူထဲက လူတွေပဲ ဖြစ်တယ်။ ကိုယ့်ပြည်သူတွေကို ကာကွယ်တဲ့ တပ်မတော်အနေနဲ့ပဲ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ဂုဏ်ယူသင့်ပါတယ်။ လူနည်းစုကိုပဲ အကာအကွယ်ပေးနေတာ မဖြစ်သင့်ပါဘူး၊ အပြစ်မဲ့တဲ့ ကလေးတွေ အပါအဝင် အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ဆရာဝန်တွေစတာတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကြည်း၊ ရေ၊ လေ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကို ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်မသတ်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်"
"အပစ်အခတ် ရပ်ဖို့၊ လက်နက်ချဖို့၊ သေနတ်တွေကို စစ်တန်းလျားပြန်ပို့ဖို့ ခင်ဗျားတို့ မြန်မာစစ်သားတွေရဲ့ ပခုံးပေါ်မှာ တာဝန်ကြီးကြီးမားမားရှိနေပါတယ်။ ကိုယ့်ပြည်သူတွေကိုယ် ထပ်မသတ်ပါနဲ့တော့။မြန်မာပြည်သူတွေအတွက်ရော အရှေ့တောင်အာရှအတွက်ပါ ဒီမိုကရေစီနဲ့ ကောင်းမွန်တဲ့ ဘဝသစ်တစ်ခု ပြန်ရဖို့အရေးဟာ ခင်ဗျားတို့လက်ထဲမှာ ရှိနေပါတယ်။ မြန်မာစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးတွေ၊ တပ်ကြပ်ကြီးတွေ၊ စစ်သားတွေအနေနဲ့ နောက်ထပ်ကျည်တစ်တောင့် ထပ်မပစ်တော့ရုံနဲ့ မြန်မာပြည်သူတွေအတွက် တံခါးအသစ်တစ်ချပ်ဖွင့်ပေးနိုင်ပါလိမ့်မယ်"
မြန်မာစစ်သားတွေကို အဓိက သတင်းစကားပြောထားတဲ့ ဒီရုပ်သံဖိုင်ကို NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် တီမောသမ္မတက ပေးပို့လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း သူက ထပ်မံတိုက်တွန်းထားပါတယ်။
"ကျွန်တော် ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း အားလုံးနီးပါးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကိုပဲ စိတ်ဝင်စားခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာက ရိုဟင်ဂျာပြဿနာထက် ပိုကြီးပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက လွတ်လပ်ရေးရတဲ့အချိန်ကစလို့ နှစ်ပေါင်း ၆ဝ ကြာ မြန်မာစစ်တပ်ရဲ့ ကျွန်ပြုတဲ့ လုပ်ရပ်ကို ခံခဲ့ရပါတယ်။ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို အာရုံစိုက်ပေးကြဖို့၊ မြန်မာစစ်တပ်ကို မဟာဗျူဟာကျကျ ဒဏ်ခတ်ပိတ်ဆို့ဖို့၊ အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာပြည်သူတွေအပေါ် အထိမနာစေဖို့ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်"
အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက သူဟာ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ပြီး ကရင်ပြည်နယ်၊ မာနယ်ပလောမှာ နေထိုင်ခဲ့တဲ့အကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သင်တန်းတွေ ပို့ချခဲ့တဲ့ အကြောင်း၊ ဒါကြောင့် သူဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ထဲထဲဝင်ဝင် နားလည်တဲ့သူဖြစ်ပြီး၊ အာရှနိုင်ငံက ဘယ်ခေါင်းဆောင်ကမှ သူ့လောက် မြန်မာ့အရေးကို ထဲထဲဝင်ဝင် မသိနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
မကြာခင် ကူးပြောင်းတော့မယ့် ၂ဝ၂၄ ခုနှစ်မှာ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းတွေပြန်ရဖို့ ဝိုင်းဆုတောင်းပေးနေတယ်လို့လည်း သမ္မတ ဟိုဆေးရာမို့ဟော်တာကပြောခဲ့ပါတယ်။