မြန်မာပြည်က အရှေ့တီမောသံတမန်တွေကို စစ်ကောင်စီ နှင်ထုတ်

၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos Horta မိန့်ခွန်းပြောကြားနေစဉ်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos Horta မိန့်ခွန်းပြောကြားနေစဉ်။ (REUTERS)

မြန်မာနိုင်ငံမှာရှိနေတဲ့ အရှေ့တီမောနိုင်ငံက သံရုံးဝန်ထမ်းတွေ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားထွက်ခွာဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာကြောင်း သံတမန်ရင်းမြစ်ကို ကိုးကားပြီး ပေါ်တူဂီအခြေစိုက် Lusa သတင်းက သြဂုတ် ၂၆ ရက်နေ့က ဖော်ပြပါတယ်။

တီမောသမ္မတ Jose Ramos-Horta ရဲ့ မြန်မာ့အရေး ဝေဖန်ပြောဆိုချက်၊ အာဆီယံက မြန်မာရဲ့အကျပ်အတည်းတွေကို မဖြေရှင်းနိုင်သရွေ့ အရှေ့တီမောက အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Xanana Gusmao ရဲ့ သြဂုတ် ၃ ရက်နေ့က ပြောကြားချက်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ တခြား တာဝန်ရှိသူတွေကို အစိုးရသစ်ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခဲ့တာ စတဲ့အချက်တွေကြောင့် အခုလို နှင်ထုတ်ရတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

သမ္မတ Jose Ramos-Horta ကတော့ လူ့အခွင့်အရေးကို ခုခံကာကွယ်ခဲ့တဲ့အတွက် သူတို့သံတမန်တွေကို စစ်ကောင်စီက အခုလို နှင်ထုတ်တဲ့လုပ်ရပ်အပေါ် တီမောနိုင်ငံအနေနဲ့ ဂုဏ်ယူသင့်တယ်လို့ ပြောပါတယ်။

အရှေ့တီမောနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အာဆီယံက ဦးဆောင်ဖြေရှင်းမှုအပေါ် ထောက်ခံကြောင်း သမ္မတ Jose Ramos-Horta က ပြောဆိုထားပါတယ်။