ထီးချိုင့် လေကြောင်းတိုက်ခိုက်မှု ဒေသခံသုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

RFA Burmese
2024.01.04
ထီးချိုင့် လေကြောင်းတိုက်ခိုက်မှု ဒေသခံသုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ ထီချိုင့်မြို့၊ အမှတ် (၃) သရက်မှော်ရပ်ကွက်ကို စစ်ကောင်စီ တပ်သားများ မီးရှို့ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့ကတွေ့ရစဥ်။
Tigyaing Revolution-TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဇန်နဝါရီလ ၃ ရက် မနေ့က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် တစ်စင်းနဲ့ ဒိုးပင်၊ ကြူးတောင်ခြေနဲ့ ဝဲကြီး (တောမ) ကျေးရွာတွေဘက်ကို သုံးကြိမ် ဗုံးကြဲရာမှာ ဒေသခံတွေ ထိခိုက် သေဆုံးခဲ့ရတာလို့ ထီးချိုင့်ဒေသခံက ပြောပါတယ်။

“ထူးထူးခြားခြားတော့ မရှိပါဘူး။ သူတို့ ဘာတွေ သတင်းရလဲမသိဘူး။ ဒီအရပ်ဘက်နေ အိမ်တွေကို လာချသွားတာပေါ့။ နေအိမ်သုံးလုံး ပျက်စီးသွားတယ်။ အရပ်သား သုံးဦး သေပြီးမှ လေးဦး ဒဏ်ရာရတယ်။ သေတာကတော့ ဝဲကြီးဒေသကပဲ။ ၁၀ နာရီ ၅၅ လောက်မှာ လာကြဲသွားတယ်။ တစ်စင်းတည်းနဲ့ သုံးကြိမ် ပစ်သွားတယ်”

သေဆုံးသူတွေဟာ အသက် ၆၇ နှစ်၊ ၄၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး အမည်တွေကိုတော့ မသိရဘူး‌လို့ ပြောပါတယ်။

ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Tigyaing Revolution ဖေ့စ်ဘွတ် စာမျက်နှာမှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ တစ်စင်းဟာ ထီးချိုင့်မြို့နယ် ‌ဝဲကြီး (တောမ) ရွာကို ဗုံးသုံးကြိမ် ချခဲ့ရာမှာ အရပ်သား သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ မနေ့က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်ကစပြီး ထီးချိုင့်မြို့နဲ့ အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတွေနဲ့ပါ အကြိမ်ပေါင်း ၁၅၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့လည်း Tigyaing Revolution က ဒီဇင်ဘာလ ၂၂ ရက် နေ့က ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က စတင်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်က ဒေသခံပြည်သူ သုံးဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း ထီးချိုင့်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံ ငါးသောင်းကျော်လည်း ကုန်စျေးနှုန်းတွေ စျေးကြီးတာတွေကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။