မန္တလေး သူရိယဆေးခန်းပိုင်ရှင်နဲ့ မိသားစုဝင်တို့ အဖမ်းခံရ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်း အပါအဝင် မိသားစုဝင် သုံးယောက်ကို စစ်ကောင်စီတပ်တွေက ဧပြီလ ၂၆ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ထားတဲ့ CDM ဆရာဝန်တွေကို လက်ခံထားကာ အလုပ်လုပ်ခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်သားတွေနဲ့ အရပ်ဝတ်တွေအများကြီး လာဖမ်းသွားတာ။ ဆေးခန်းကိုလည်း ချိပ်ပိတ်သွားတယ်၊ လူနာတွေ ဆေးကုနေချိန်မှာ စစ်သားတွေက ဝင်ဖမ်းတော့ လူနာတွေလည်း ပြန်ပြေးခဲ့ကြရတာပဲ”
ဒေါက်တာ အောင်အောင်ထွန်းနဲ့ ဖခင်ဖြစ်သူတို့အပြင် အမျိုးသမီး ဆရာဝန်တစ်ဦးတို့ အဖမ်းခံလိုက်ရပြီး သူရိယအမည်နဲ့ဖွင့်ထားတဲ့ ဆေးခန်းသုံးခုလုံးကိုလည်း စစ်ကောင်စီ တပ်တွေက ချိပ်ပိတ်သွားတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတွေမှာ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝင်ရောက်အလုပ် လုပ်ကိုင်နေခြင်းရှိ၊ မရှိကို စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးနေတယ်လို့လည်း မြို့ခံဆရာဝန်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး ၁၅ ဦးရဲ့ ဆေးကုသခွင့်လိုင်စင် (ဆ/မ လက်မှတ်) တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ မန္တလေးမြို့က ဆရာဝန်တွေက RFA ကို ပြောပါတယ်။
အမေရိကန် နယူးယောက်အခြေစိုက် PHR Physicians for Human Rights လူ့ အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ဆရာဝန်ပေါင်းအယောက် ၃၀ အသတ်ခံခဲ့ရပါတယ်။
ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် အဖမ်းခံခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပေါင်း ၁၂၈ ခု တိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ပေါင်း ၄၁၅ ခုအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့လည်း အဲဒီအဖွဲ့က ပြောဆိုထားပါတယ်။