ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်တယ်လို့ သူရဦးအောင်ကို ပြော


2017.10.19
thura-aungko-622 သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို အောက်တိုဘာလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်လေဆိပ်နဲ့ ACE ကုမ္ပဏီပိုင်ဟိုတယ်တွေမှာ လက်နက်တွေတွေ့ရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ခေတ်မှာတစ်ယောက် ပေါ်ပေါက်တဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် သူ့ရဲ့လုံခြုံရေးကို စိုးရိမ်တယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သူရဦးအောင်ကိုက သတင်းထောက်တွေကို ပြောပါတယ်။

"အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် အင်မတန်မြင့်မားပါတယ်၊ သာမာန်ပုထုဇဉ်တွေထက် အများကြီးမြင့်မားပါတယ်၊ တစ်ခေတ်မှာ တစ်ယောက်ပေါ်ထွန်းတဲ့ တန်ဖိုးရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် နိုင်ငံရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့လုံခြုံရေးကို စိုးရိမ်ပါတယ်"

ဒါ့အပြင် အဲဒီလိုနေပြည်တော်လေဆိပ် X ray ဖြတ်တဲ့အချိန် လက်နက်နဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့ ကိစ္စဟာ သိမ်မွေ့တယ်လို့လည်း ပြောပါတယ်။

အရင် အစိုးရလက်ထက် ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို အောက်တိုဘာလ ၁၅ ရက်နေ့ညက နေပြည်တော်လေဆိပ်မှာ သေနတ်၊ မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာပါ။

အဲဒီ အမှုနဲ့ဆက်စပ်ပြီး ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေအိမ်၊ ဟိုတယ်နဲ့ ရုံးခန်းတွေကို ရှာဖွေရာမှာ အခြားသေနတ်တွေနဲ့ စကားပြောစက်တွေကိုပါ ဆက်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ သေနတ် ၂၁ လက်ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

အဲဒီလိုလက်နက်တွေနဲ့ မိတဲ့အချိန်ဟာ NCA စာချုပ်လက်မှတ်ထိုးမှု ၂ နှစ်ပြည့် အခမ်းအနား ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်ကြောင်း လူမှုကွန်ရက် (Facebook) မှာ ရေးသားကြတာတွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။