လက်နက်မှုနဲ့ တရားစွဲခံထားရသူ ဖြိုးကိုကိုတင့်ဆန်းကို ထောင် နှစ် ၃၀ ကျော်ချမှတ်
2020.03.30
၂၀၁၇ ခုနှစ် အောက်တိုဘာလက နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင် ပို့ကုန်သွင်းကုန်နဲ့ ဆိုင်တဲ့ ပုဒ်မ စတဲ့ အမှု ၁၄ မှုနဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားရုံးမှာ စစ်ဆေးခဲ့ပြီး နှစ်နှစ်ကျော် အကြာမှာ ထောင်ဒဏ် နှစ်ပေါင်း ၃၀ ကျော်ကျခံဖို့ အမိန့်ချခဲ့တာပါ။
ဖြိုးကိုကိုတင့်ဆန်းရဲ့ ရှေ့နေ ဦးမြင့်အောင်က စွဲချက်တင်ထားတဲ့ အမှု ၁၄ မှုအတွက် ပြစ်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံရတယ်လို့ ပြောပါတယ်။
"သာကေတ၊ ACE ကုမ္ပဏီရုံးမှာ မူးယစ်ဆေးဝါးတွေ့တဲ့ဖြစ်စဉ်၊ လက်နက်တွေ့တဲ့ဖြစ်စဉ်၊ ဆက်သွယ်ရေး စကားပြောတဲ့စက်တွေ့တဲ့ဖြစ်စဉ် နောက်ကားမှာ တံဆိက်ကပ်တဲ့ဖြစ်စဉ် အဲဒီအပေါ်မှာ အမိန့်ချတယ်။ အားလုံး ၁၄ မှု ဒီနေ့ အမိန့်ချတယ်။ ဖြိုးကိုကိုတင့်ဆန်းအပေါ်မှာ လွှတ်တာတော့ တစ်ခုမှ မရှိဘူး။ ထောင်ဒဏ်စုစုပေါင်း အားလုံးချလိုက်တဲ့အမှု ၁၄ မှုဆိုရင် ပြစ်ဒဏ်ပေါင်း နှစ် ၃၀ နဲ့ ခုနှစ်လလောက် ရှိမယ်ထင်တယ်။"
ဖြိုးကိုကိုတင့်ဆန်းတို့ကို စွဲဆိုထားတဲ့ အမှုတွေကတော့ မူးယစ် ဥပဒေ၊ လက်နက်ဥပဒေ ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ ဖြစ်ပါတယ်။
ဒက္ခိဏခရိုင်တရားသူကြီးက အမှု စီရင်ဆုံးဖြတ်ချက်အပေါ် လက်ခံသူရှိနိုင်သလို၊ လက်မခံနိုင်သူ လည်းရှိနိုင်လို့ အထက်တရားရုံးကို အယူခံတက်နိုင်ကြောင်း တရားခွင်မှာ ပြောပါတယ်။
သူ့အနေနဲ့ ဒီအမှုကို ချစ်ခြင်း၊ မုန်းခြင်းကင်းကင်းနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအမှုကို တရားခံပြ သက်သေ စုစုပေါင်း ၉၀ နီးပါး၊ တရားလိုပြသက်သေ ၂၀၀ ကျော်ကို နှစ် နှစ်ကျော်ကြာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းက ဒီအမှုကို အယူခံဆက်တက်ပေးဖို့ သူ့ရဲ့ ရှေ့နေကို မှာကြားလိုက်တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။
"သူက အယူခံတက်ပေးဖို့တောင်းဆိုတယ်။ ရတယ် ကျတော်တို့ ချက်ချင်းပဲ အယူခံ ခု တရားရုံး အမိန့်တွေ ကူးမယ်။ ကူးပြီးတော့ ချက်ချင်းပဲ အဆင့်ဆင့် အယူခံတက်မယ်ပေါ့နော်။ တရားရုံးက အမိန့်ချပြီး ခြောက်လအတွင်း အယူခံတက်ခွင့်ရှိတယ် အဆင့်မြင့်ရုံးကို။"
အမှု ၁၄ မှုထဲက လက်နက်တွေ့ရှိမှုအတွက် ထောင်ဒဏ် သုံးနှစ်၊ ငါးနှစ် ၊ ခြောက်လ စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရတာကိုတွေ့ရပြီး သေနတ်ဒင်ထဲမှာ မူးယစ်ဆေးဝါး ICE တွေ ဖမ်းဆီးမိခဲ့တဲ့အမှုကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
အမှုတွဲပါ ၁၂ ဦးထဲက အမှုတွဲပါ ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်ခံရတဲ့ မြှားပစ် လက်ရွေးစင်ကစားသမား နှစ်ဦးကလည်း အယူခံတက်ဖို့ ရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တခြား နှစ်ဦးကတော့ ချုပ်ရက်စေ့ပြီ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နဲ့ ပတ်သက်လို့ တရားစွဲခံရသူ တစ်ဦးကတော့ ချုပ်ရက်စေ့လို့ လွတ်မြောက်လာပြီး၊ ဆက်သွယ်ရေး စက်ရောင်းချတဲ့အမှုအတွက် အမျိုးသမီးတစ်ဦးလည်း ငွေဒဏ်နဲ့ လွတ်မြောက်လာပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလက နေပြည်တော် လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးဆီက ပစ္စတို သေနတ် နှစ်လက်နဲ့ ကျည်ဆန်တွေ၊ မူးယစ်ဆေးတွေ တွေ့ရှိခဲ့ပြီး သူပိုင်ဆိုင်တဲ့ နေပြည်တော်နဲ့ ရန်ကုန်က ACE ဟိုတယ် ထပ်မံရှာဖွေခဲ့ရာမှာ သေနတ်တွေ ထပ်မံတွေ့ရှိခဲ့လို့ ပုဒ်မ ၁၄ ခုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ် တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန် ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။