လက်နက်တွေကို မြဝတီလမ်းကြောင်းကတဆင့် တင်သွင်းတာလို့ စစ်ဆေးသိရှိရ
2017.10.18

ဖမ်းဆီးခံထားရတဲ့ ACE ကုမ္ပဏီ ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ဦးကို စစ်ဆေးချက်အရ လက်နက်တွေ ကို မြဝတီ လမ်းကြောင်းကနေတဆင့် တင်သွင်းတယ်လို့ သိရကြောင်း မကြာခင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲမှူးကြီးဇော်ခင်အောင် ကပြောပါတယ်။
လက်ရှိမှာဖမ်းဆီးမိသူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးချက်အသေးစိတ်တွေ မပေါ်ပေါက်သေးဘူးလို့ ရဲမှူးကြီး ဇော်ခင်အောင် ကပြောပါတယ်။
"လောလောဆယ်တော့ ကျနော်တို့ မနေ့က ပြောထားတဲ့ အနေအထားထိပဲ ရှိပါသေးတယ်။ မနေ့က ကျနော်တို့ လက်နက်တွေဘာတွေထပ်ရတဲ့ အနေအထား၊ စစ်ဆေးချက်ကတော့ သိပ်ပြီးတော့ အသေးစိတ် မပေါ်လာသေး ဘူး။ သူတို့ကို ကျနော်တို့ လက်ရှိလယ်ဝေးမှာပဲ ချုပ်ထားတယ်။ ရမန်တစ်ပတ် ယူထားပြီးသား၊ တကယ်လို့ မပြည့်စုံသေးလို့ရှိရင်လည်း ရမန်ကြီးထပ်ယူလို့ရသေးတယ်"
ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၃ ဦးကို နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရမန် တစ်ပတ်ရယူထားကြောင်းနဲ့ အမှုခိုင်မာအောင်တည်ဆောက်ပြီးမှသာ ရုံးထုတ်မှာဖြစ်တယ်လို့ ပြောပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်နဲ့ ဟိုတယ်တွေကို လိုက်လံစစ်ဆေးရာမှာ မနေ့ကအထိ လက်နက် ၂၁ လက် သိမ်းဆည်းရမိခဲ့ပြီး ဒီနေ့ ထပ်မံတွေ့ရှိတာမရှိဘူးလို့ ပြောပါတယ်။
ရဲမှူးကြီးဇော်ခင်အောင်ဟာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမယ်ဆိုတာဟာ ဦးဖြိုးကိုကိုတင့်ဆန်းအမှုနဲ့ သက်ဆိုင်မှုမရှိဘဲ အဲဒီဖမ်းဆီးရမိမှုဖြစ်စဉ်မတိုင်ခင် တစ်လလောက်ကတည်းက စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ရဲမှူးကြီးဇော်ခင်အောင် က ပြောပါတယ်။
မကြာမီအငြိမ်းစားယူတော့မယ့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးနေရာကို ရဲမှူးကြီးဇော်ခင်အောင်က ပြောင်းရွှေ့မှာဖြစ်ပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးအဖြစ် ဒုတိယရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးကြီးထက်လွင်က တာဝန်ယူမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း မကြာသေးခင်က ရာထူးအပြောင်းအရွှေ့တွေရှိခဲ့ပြီး မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော်က အမှတ် ၁ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ရဲကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့လိုက်တာကတော့ အထင်ရှားဆုံးဖြစ်ပါတယ်