ဖမ်းဆီးထားတဲ့ ကျောင်းသား ၃ ဦးကို ရမန်ယူပြီး အိုးဘိုထောင် ကိုပို့
2018.12.29

ရတနာပုံတက္ကသိုလ်မှာ မနေ့က ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူပြီး မန္တလေး အိုးဘိုထောင်ကို ပို့လိုက်ပါတယ်။
ဖမ်းဆီးထားသူတွေကို မနေ့ကစစ်ဆေးရာမှာ ဆန္ဒပြပွဲမှာ တခြားသူတွေ ပူးပေါင်းပါဝင်မှုရှိ၊ မရှိကို စစ်ဆေးခဲ့ကြောင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကိုရဲမျိုးဆွေက တရားရုံးမှာ ရမန်ယူအပြီးမှာ RFA ကို ပြောပါတယ်။
ရတနာပုံတက္ကသိုလ်မှာ လုံခြုံရေး တိုးမြှင့်စီမံပေးဖို့ မန္တလေးတိုင်း အစိုးရတာဝန်ရှိသူအချို့နဲ့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ နာရေး အသုဘအခမ်းအနားပုံစံလုပ်ပြီး ကျောင်းအတွင်းမှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် သီဟရဲကျော်၊ ရဲမင်းထွန်းနဲ့ ရဲမျိုးဆွေတို့ ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅ ခုနဲ့တရားစွဲထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဆန္ဒပြမှုမှာ ပူးပေါင်းပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆတဲ့ နောက်ထပ် ကျောင်းသား ၅ ဦး ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။
မန္တလေးတိုင်းအတွင်းက ရတနာပုံ တက္ကသိုလ်၊ ဆိုက်ဘာစီးတီး တက္ကသိုလ်နဲ့ ကျောက်ဆည် တက္ကသိုလ်တွေမှာ ၆ လအတွင် ကျောင်းသား ၃ ဦးအသတ်ခံရပြီး ပစ္စည်းလုယက်ခံရတာတွေ ဖြစ်ခဲ့တာကြောင့် ကျောင်းပရဝုဏ်အတွင်း လုံခြုံရေး တိုးမြှင့်ပေးဖို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်တာမရှိတာကြောင့် မန္တလေးတိုင်း အစိုးရ တာဝန်ရှိသူအချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ နာရေး အသုဘအခမ်းအနား ပုံစံလုပ်ပြီး မနေ့က ရတနာပုံ တက္ကသိုလ်အတွင်းမှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ သီဟရဲကျော်၊ ရဲမင်းထွန်းနဲ့ ရဲမျိုးဆွေတို့ ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေး အားမြောက်မှု၊ ငြိမ်းစုစည် ပုဒ်မ ၅ ခုနဲ့ တရားစွဲ ရမန်ယူပြီး မန္တလေး အိုးဘိုထောင်ကို ဒီနေ့ ပို့လိုက်တာဖြစ်ပါတယ်။
ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာကို အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးတာမရှိတာကြောင့် အခုလို ဆန္ဒပြတာတွေဖြစ်လာဖြစ်ကြောင်း ဖမ်းဆီးခံရတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုရဲမျိုးဆွေက ပြောပါတယ်။
"ပုဒ်မတပ်တာ အစိုးရအလုပ်ပါ။ ကျနော်တို့ကတော့ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်တယ်။ ကျောင်းသားအသတ်ခံရလို့ ပြောနေတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၈ လပိုင်းကတည်းက မန္တလေးတိုင်းမှာ ဒါမျိုးတွေ ဖြစ်နေတယ်ဆိုတာ ဦးဇာနည်အောင် တို့၊ ဦးဇော်မြင့်မောင် တို့ကို ကျနော်တို့ပြောတယ်။ အကြိမ်ကြိမ် စာပို့တယ်။ လူကိုယ်တိုင်သွားတွေ့တယ်။ ဒီကြားထဲမှာ ဒါမျိုးဖြစ်သွားတယ်။ တခြားကျောင်းသားတွေ ငြိမ်ခံရင်ခံမယ်၊ ကျနော်တို့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ဒါမျိုးဖြစ်ရင် ငြိမ်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား"
ဖမ်းဆီးထားသူတွေကို မနေ့ညက စစ်ဆေးမှုမှာ ဆန္ဒပြပွဲမှာ တခြားသူတွေ ပါဝင်တာတွေရှိလားဆိုတာ စစ်မေးတာတွေရှိခဲ့တယ်လို့လည်း ကိုရဲမျိုးဆွေက ပြောပါတယ်။
ကျောင်းသား ၃ ဦးကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးဖို့ အမရပူရမြို့နယ် တရားရုံးက ချိန်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ ယူဆတဲ့ ကိုဘချစ်၊ ကိုဖုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်၊ ကိုနေဝင်းကျော်၊ ကိုနိုင်ရဲဝေတို့ ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တာကြောင့် တချို့တွေက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မနေ့ညက နေအိမ်မှာ လာရောက်ရှာဖွေသွားခြင်းခံရတယ်ဆိုတဲ့ ရတနာပုံ တက္ကသိုလ် ဗကသများ အဖွဲ့ချုပ်က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘချစ်က အခုလို ပြောပါတယ်။
"အခုဖမ်းတာက သုံးယောက်ပေါ့။ ကိုနိုင်ရဲေ၀ ကလည်း ထောင့်မှာသွားထိုင်နေတယ်။ ကျနော်ကလည်း နောက်ကနေ ဘာမှကို မကိုင်ဘူး။ နောက်ကနေ ဝင်လိုက်တာ။ ဝင်ပြီးပြန်ထွက်လိုက်တယ်။ အဲဒီမှာ ကျနော်ပါသွားတယ်။ ဖြစ်စဉ်မှာပါတဲ့ ပစ္စည်း၊ အရာဝတ္တူတွေ လုံးဝမကိုင်ဘူး။ ဘာမှကိုမလုပ်ခဲ့ဘူး။ အဲဒါကို ကျနော်ကို ထည့်ဆွဲတာ။ ကျောင်းသားတွေက ဒီကိစ္စကို ပြည်ထဲရေးကိုရော၊ အစိုးရကိုရော အခုလိုလုပ်တာ ရှုံ့ချပါတယ်"
ဖမ်းဆီးအရေးယူတာတွေရှိပေမယ့် ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ကျောင်းသားတွေက ပြောကြပါတယ်။
ကျောင်းသားတွေ ဖမ်းဆီးတရားစွဲခံရတာနဲ့ ပတ်သက်ပြီး အမရပူရစခန်းကို ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်မှာ ဖြေကြားဖို့ အဆင်မပြေသေးဘူးလို့သာ တာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို အကြောင်းပြန်ခဲ့ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။