အိုးဘိုထောင်မှာ အကျဉ်းကျ ကျောင်းသားတွေ ရိုက်နှက်ခံရကြောင်း ဗကသ ထုတ်ပြန်
2019.03.26

ရတနာပုံတက္ကသိုလ် ကျောင်းလုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုရင်း ထောင်ကျနေတဲ့ ကျောင်းသား ၄ ယောက်ကို မတ်လ ၂၄ ရက်ညက အိုးဘိုအကျဉ်းထောင် ဝန်ထမ်းတချို့က အုပ်စုဖွဲ့ရိုက်နှက်ခဲ့တယ်လို့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
ညဘက် သီချင်းအော်ဆိုနေတာကြောင့် ရိုက်နှက်ခံရတာလို့ သိထားရကြောင်း၊ အခုလိုရိုက်နှက်တာဟာ အာဏာ အလွဲသုံးစားလုပ်တာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက အိုးဘိုထောင်ကနေ လွတ်မြောက်လာတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုရဲမျိုးဆွေ က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ည ၁၀ နာရီအထိ မအိပ်လို့ ခေါ်ပြီး ဆုံးမတာဖြစ်ကြောင်း၊ ရိုက်နှက်ခြင်းမရှိကြောင်း ငြင်းဆိုပါတယ်။
ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက တိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ကျောင်းတာဝန်ရှိသူတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့တာကြောင့် ဗကသ ကျောင်းသား ၇ ဦးကို အမရပူရမြို့နယ် တရားရုံးက မီးရှို့မှုပုဒ်မ ၄၃၅ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃လစီ၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂လစီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက ကိုရဲမျိုးဆွေအပါအဝင် ကျောင်းသား ၃ ယောက်ဟာ အခုလ ၂၁ ရက်နေ့က လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ကျောင်းသား ၄ ယောက်ကတော့ ဒီလကုန်မှသာ ပြစ်ဒဏ်စေ့လို့ လွတ်မြောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကျောင်းသား ၄ဦး ရိုက်နှက်ခံရတဲ့ကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို အမြန်ဆုံးအရေးယူပေးဖို့၊ အစိုးရအနေနဲ့ တာဝန်ခံဖြေရှင်းပေးဖို့ မနေ့က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။