အိုးဘိုထောင်က ထောင်ဝန်ထမ်းတွေကို အရေးယူပေးဖို့ ကျောင်းသားတွေ တောင်းဆို
2019.03.29

မန္တလေးအိုးဘိုထောင်မှာ ကျောင်းသားတွေ အကျဉ်းကျနေစဉ် အချိန်အတွင်း ထောင်အတွင်းမှာ သီချင်းဆိုလို့ဆိုကာ ထောင်ဝန်ထမ်းတွေက အုပ်စုလိုက် ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်လို့ ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ အကျဉ်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
မန္တလေးမြို့၊ မီဒီယာစင်တာမှာ ရိုက်နှက်ခံခဲ့ရတဲ့ ကျောင်းသား ၄ ယောက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဲဒီလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ် ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေထဲက ကျောင်းသား ၇ ဦးဟာ ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရတာပါ။
အဲဒီလို ချမှတ်ခံခဲ့ရာမှာ ကျောင်းသား ၃ ဦးဟာ ဒီလ ၂၁ ရက်နေ့က ပြန်လွတ်လာခဲ့ပြီး ကျောင်းသား ၄ ဦးကတော့ ဒီနေ့ ပြန်လွတ်လာတာဖြစ်ပါတယ်။
အကျဉ်းထောင် ဥပဒေမှာ အကျဉ်းသားကို ရိုက်နှက်ခွင့်မရှိကြောင်းနဲ့ အဲဒီလို ညှဉ်းပန်းရိုက်နှက်တာတွေကို အရေးယူပေးဖို့ တောင်းဆိုကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း ကို RFA က မတ် ၂၆ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာ ည ၁၀ နာရီအထိ မအိပ်လို့ ခေါ်ပြီးဆုံးမတာဖြစ်ကြောင်း၊ ရိုက်နှက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
အခုလို ဒဏ်ရာရတွေ ရခဲ့တဲ့အပေါ် အထွေထွေအုပ်ချုပ်ရေး၊ တရားရေးနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက အကျဉ်းထောင်အတွင်းမှာ လာရောက်မေးမြန်းသွားတယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်ပြီး လူအခွင့်ရေးကော်မရှင်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို တိုင်ကြားသွားမယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။