မိုးညှင်း NLD အမျိုးသမီးအမတ် ထောင် ၁၁ နှစ်ထပ်ချခံရ

RFA Burmese
2023.03.31
မိုးညှင်း NLD အမျိုးသမီးအမတ် ထောင် ၁၁ နှစ်ထပ်ချခံရ မိုးညှင်းမြို့နယ် ကိုယ်စားပြု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းအား တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ မြစ်ကြီးနား ခရိုင်တရားရုံးက ထောင် ၁၁ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သူ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ ထောင်တစ်နှစ် ချမှတ်ခံထားရသူဖြစ်ပြီး အခုပြန်လွတ်ကာနီးမှာ အကြမ်းဖက် ပုဒ်မနဲ့ ထပ်မံစွဲချက်တင်ခံခဲ့ရတာလို့ ဒေါ်သက်ထားနှောင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ပထမ ၅၀၅ (ခ) နဲ့က တစ်နှစ်ကျပြီးပြီ။ သူက အဲတစ်နှစ်က အမှန်ဆိုရင် ၂၀၂၂၊ ၁၀ လပိုင်းမှာ လွတ်မှာ၊ လွတ်ရက်စေ့ပြီပေါ့။ အဲဒီ ၁၀ လပိုင်း လွတ်ရက်မစေ့ခင်မှာ သူကိုပြန်ပြီးတော့ ပထမတော့ ၅၂ (ခ) နဲ့ စွဲတယ်လို့ကြားတာ။ အခုကျတော့ ၅၀ (ည) နဲ့ ချလိုက်တာ။ သူက ထောင်ဒဏ် ၁၂ နှစ် ဖြစ်သွားတာပေါ့။ အခုတော့ အယူခံ ထပ်ဝင်မယ် လို့တော့ သိထားတယ်"

ဒေါ်သက်ထားနှောင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့က မိုးညှင်းမြို့နယ်၊ နန်းမားမြို့ က နေအိမ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ဘာကြောင့် ထောင်ချတယ်ဆိုတာ အသေးစိတ် မသိရပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်ကို သင်တန်း သွားတက်မယ့် PDF တွေကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်တာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်သက်ထားနှောင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် အမတ်နေရာဝင်ပြိုင်ပြီး အနိုင်ရရှိထားသူ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး၊ ပါတီဝင် ၁,၂၃၅ ဦး ဖမ်းဆီးခံထား ရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း နှစ်နှစ်တာအတွင်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ရပြီး နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံရသူ ၆၀၅ ဦးထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။