သဲကုန်းရဲတပ်ဖွဲ့ကို အရေးယူဖို့ လယ်သမားတွေ တောင်းဆို


2014.02.26
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့မှာ လယ်ယာမြေအရေး အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြတာကို အင်အား သုံးဖြေရှင်းခဲ့တဲ့ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒီနေ့ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှာ လယ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

သဲကုန်းမြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က သဲကုန်းမြို့ မြို့နယ်ခန်းမအနီးမှာ လယ်သမားတွေက သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မနက်က သဲကုန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့တာပါ။

လယ်ယာမြေ ပြဿနာကို မဖြေရှင်းဘဲ အကြမ်းဖက် ဖြိုခွင်းခံရတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲကနေ ထပ်မံတောင်းဆိုရတာဖြစ်ကြောင်း အောင်ကုန်းကျေးရွာက တောင်သူ ဒေါ်ဝင်းက အခုလိုပြောပါတယ်။

"ကျမတို့ တောင်သူလယ်သမားတွေဟာ လယ်ယာမြေ သိမ်းခံထားရတာ မှန်ရဲ့သားနဲ့ ကျမတို့ကို ဖြိုခွဲဖျက်ဆီးတယ်၊ လူတွေဆေးရုံတက်ရတယ်၊ ဒါတွေကိုသိရအောင်၊ ဒီတာဝန်ရှိတဲ့သူတွေက အကူအညီမပေးဘဲနဲ့ ဘာဖြစ်လို့ လယ်သိမ်းခံ တောင်သူလယ်သမားတွေအပေါ်မှာ ဖိနှိပ်တာလဲ၊ အကြမ်းဖက်ဖြိုခွဲတာတွေကိုလည်း ဘယ်သူမှ တောင်သူလယ်သမားဘက်က အကူအညီမပေးဘဲ ခွဲတဲ့သူဘက်ကသာ အကူအညီပေးတာရှိတာမို့လို့ သတင်းစာရှင်းလင်းပွဲလုပ်တာ"

သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေထဲက ဦးဆောင်တဲ့ လယ်သမား ၃ ဦးနဲ့ ကူညီသူ ၁ ဦး စုစုပေါင်း ၄ ဦးကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့က တရားမဝင် စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့ပြီး လာမယ့် မတ်လ ၃ ရက်နေ့ သဲကုန်းမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ရွာက လယ်မြေဧက ငါးထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်အတွင်းက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။