အာဆီယံ ရဲအဖွဲ့ညီလာခံ နေပြည်တော်မှာ ကျင်းပ

RFA Burmese
2024.10.22
အာဆီယံ ရဲအဖွဲ့ညီလာခံ နေပြည်တော်မှာ ကျင်းပ ၄၂ ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားအား နေပြည်တော်ရှိ MICC – 1 တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်နေစဉ်။
Myanmar Military

နေပြည်တော်မှာ ဒီနေ့ စတင်ကျင်းပတဲ့ ၄၂ ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ညီလာခံမှာ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု ကိစ္စတွေ ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီညီလာခံမှာ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေ၊ ခရီးသွားစာရွက်စာတမ်း အတုလုပ်တာတွေအပြင် တောရိုင်းတိရစ္ဆာန်ဆိုင်ရာပြစ်မှုကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေအကြား အီလက်ထရောနစ် Database စနစ်အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စရပ်တွေမှာ အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံ ရဲတပ်ဖွဲ့တွေအကြား အပြန်အလှန် လေ့ကျင့်သင်တန်းပေးရေးနဲ့ အာဆီယံ ရဲအဖွဲ့ မှုခင်း သိပ္ပံကွန်ရက်တည်ထောင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို စုစည်းပြီး ပူးတွဲကြေညာချက် (မူကြမ်း) ပြုစုသွားမယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက ရဲချုပ်တွေနဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ တို့ တက်ရောက်နေပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) မှာ ကျင်းပနေတဲ့ အာဆီယံ ရဲအဖွဲ့အစည်းအဝေးတွေကို အောက်တိုဘာ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာဆီယံရဲအဖွဲ့ကို ၁၉၈၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၈ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာပါ။

အာဆီယံရဲအဖွဲ့ ညီလာခံကို ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ကြိမ်လက်ခံကျင်းပခဲ့ပြီး ဒီနှစ်ဟာ တတိယအကြိမ်မြောက် လက်ခံကျင်းပတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။