ပျောက်ကွယ်လု တိုင်းရင်းသား ဝတ်စားဆင်ယင်မှု ဓါတ်ပုံပြပွဲ ကျင်းပ
2013.09.28

မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ဝတ်စားဆင်ယင်မှုများ ခေါင်းစဉ်နဲ့ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့မနက်က ဖွင့်လှစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
အစိုးရက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်အောင် ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပဖြစ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ အာရုဏ်ဦး လူမှုဖွံ့ဖြိုးရေး အသင်း ဒါရိုက်တာ ဦးကျင့်ခန့်လျန်းက ပြောပါတယ်။
“တိုင်းရင်းသားလူမျိုးစုံဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိနေတယ်၊ သူတို့ရဲ့ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတွေကို ကျနော်တတ်နိုင်သလောက် စုဆောင်းထားပြီးတော့ ဒီဓါတ်ပုံပြပွဲကို ပြသတာဖြစ်ပါတယ်၊ ဧည့်ပရိသတ်တွေနဲ့ ကြည့်ရင်းနဲ့ ဪတို့နိုင်ငံပြည်ထောင်စုအတွင်းမှာ အေးအတူပူအမျှ တိုင်းရင်းသားအမျိုးစုံစွာ ရှိနေတယ်ဆိုတာသိပြီးတော့ အခုနိုင်ငံတော်ကနေ ဦးစီးပြီးလုပ်နေတဲ့ ဒီငြိမ်းချမ်းရေး အစီအစဉ်လေးကို တစ်ဘက်တစ်လမ်းကနေ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယူဆပြီးတော့ ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်”
ဓါတ်ပုံပြပွဲမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စားဆင်ယဉ်မှု ဓါတ်ပုံပေါင်း ၇ဝ နီးပါးလောက်ကို ပြသထားတာဖြစ်ပြီး အဲဒီအထဲမှာ ဆေးမင်ကြောင်ထိုးထားတဲ့ မာဂန် ချင်းအမျိုးသမီး၊ ပလောင်၊ ပအိုဝ်း၊ အခါ တိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုတွေလည်း ပါဝင်ပါတယ်။
အခုပြသထားတဲ့ ဓါတ်ပုံတွေကို အမေရိကန်ဓါတ်ပုံဆရာ Richard K. Diran က ၁၉၈ဝ ကျော်ကနေ ၂ဝဝဝ ခုနှစ်အတွင်း မြန်မာတရုတ် နယ်စပ်ဒေသတွေအထိ သွားရောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီဓါတ်ပုံပြပွဲကို ဒီနေ့စက်တင်ဘာလ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ အခမဲ့ပြသနေပြီး အများပြည်သူကြည့်ရှုနိုင်ဖို့ ဒီဓါတ်ပုံတွေကို ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက်ကို လာမယ့်တနင်္လာနေ့မှာ ပေးအပ်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။