The Lady ဇာတ်ကားဖွင့်ပွဲ လွှတ်တော်အမတ်များ တက်ရောက်မည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသမှာ ဖြစ်ပါတယ်။

2011.09.05
michelle-yeoh-lady-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Besson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
Toronto International Film Festival

တိုရန်တိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးကျော်ဇော်ဝေက- The Lady ရုပ်ရှင်ကားရဲ့ ကော်ဇော်နီခင်း အခမ်းအနားမှာ မြန်မာ့မိတ်ဆွေ ကနေဒါ လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ကနေဒါ လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး စိတ်ဝင်စား ထောက်ခံတဲ့ ကနေဒါမိတ်ဆွေတွေ တက်ရောက်ကြည့်ရှု အားပေးကြမှာဖြစ်ကြောင်း၊ ကနေဒါရောက် မြန်မာတွေလည်း စုပေါင်းကြည့်ရှုကြဖို့ စီစဉ်နေကြပြီး ဒီကနေ့မှာပဲ ရုပ်ရှင်တပွဲစာ လက်မှတ် ကုန်သွားပြီလို့ သိရကြောင်း ပြောဆိုပါတယ်။

ကမ္ဘာကျော်အဆိုတော် ဘိုနိုလည်း The Lady ရုပ်ရှင်ဇာတ်ကား ဖွင့်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလားတူ The Lady ဇာတ်ကားဒါရိုက်တာ ပြင်သစ်လူမျိုး Luc Basson ၊ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသမီး မလေးရှားလူမျိုး Michelle Yeoh နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား David Thewlis တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဟာ ပြင်သစ်နိုင်ငံက ‘ကိန်း’ ရုပ်ရှင်ပွဲတော်ပြီးရင် ဒုတိယ အကြီးဆုံးပွဲတော် ဖြစ်ပါတယ်။ အဲဒီပွဲမှာ The Lady ဇာတ်ကားကို သုံးရက်ကြာ ပြသမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။