နိုင်ငံရေးဆွေးနေးပွဲမှာ အားလုံးပါဝင်ဖို့ တိုက်တွန်း


2014.12.19
elder-305 ကမ္ဘာကျော်ခေါင်းဆောင်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်
photo: The Elders homepage

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်ဖို့နဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် လက်ရှိအခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖွဲ့အားလုံး ပါဝင်ဖို့ ကမ္ဘာကျော်ခေါင်းဆောင်ဟောင်းတွေ ဖွဲ့စည်း ထားတဲ့ The Elders အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ မြန်မာ နိုင်ငံမှာလေ့လာခဲ့တဲ့ တတိယမြောက် ခရီးစဉ်အပြီး ထုတ်ပြန်လိုက်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြ ထားတာပါ။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟီနာဂျီလာနီက  ဗိုလ်ချုပ်ကြီးတွေဟာ အရပ်သားအုပ်ချုပ်မှုအတွက် လမ်းဖွင့်ပေးရမယ်လို့ ပြောဆိုလိုက်ပါတယ်။

နောက်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဂရို ဟာလမ် ဘရန့်တ်လန်းကလည်း မြန်မာနိုင်ငံမှာ အခွင့်အလမ်းမညီမျှမှုတွေ များလာနေတယ်ဆိုတာ ထင်ရှားနေသလို၊ အဆင်းရဲဆုံးပြည်သူတွေ အနေနဲ့လည်း စီးပွားရေးပွင့်လင်းလာမှုရဲ့ အသီးအပွင့်ကိုခံစားနိုင်ဖို့လိုနေသေးတယ်လို့ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေ အားလုံးရဲ့ကောင်းကျိုးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အားပေးချင်တယ်လို့ဆိုပါတယ်။

အဖွဲ့ဝင် လက်ခ်ဒါ ဗရာဟီမီကလည်း မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေကို သည်းမခံနိုင်တာတွေကြားရ သလို၊ ခွဲခြားဆက်ဆံခံရတာတွေ ကြားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။

The Elders အဖွဲ့ဝင် ကမ္ဘာကျော်ခေါင်းဆောင်တွေဟာ ၅ ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဝန်ကြီးဦးအောင်မင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး စတဲ့အာဏာရ အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့သလို၊ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။

The Elders အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို မသွားခင်မှာ ထိုင်းနိုင်ငံကို အရင်ဝင်လိုက်ပြီး၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။