နိုင်ငံရေးဆွေးနွေးပွဲ မကြာခဏ လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2015.05.16
dassk-mawlamyine-trip-305 မွန်ပြည်နယ် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ကျောင်း အားကစားကွင်းမှာ မေလ ၁၆ ရက်နေ့က လူထုနဲ့တွေ့ဆုံ ပွဲမှာ ဒေါ်အောင်စုဆန်းစုကြည် ကိုတွေ့ရစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ နိုင်ငံတည်ငြိမ်မှုရှိဖို့အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေကို မကြာခဏကျင်းပဖို့လို အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ကျောင်း အားကစားကွင်းမှာ ဒီနေ့ညနေပိုင်းက လူထုနဲ့တွေ့ဆုံပွဲမှာ အခုလိုပြောကြားလိုက်တာပါ။

"ဒီလို ၄ ပွင့်ဆိုင်တို့ ၆ ပွင့်ဆိုင်တို့ တောင်းဆိုခဲ့ရတဲ့ အကြောင်းရင်းက တကယ်တော့ အခြေခံအကြောင်း ရင်းကရိုးရိုးလေးပဲ၊ ဒီနိုင်ငံအတွက် ၂ဝ၁၅ ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးပါတယ်၊ ဘယ်ဘက်ကိုကွေ့မလဲ အနောက်ကိုပြန်ကွေ့မှာလား၊ အရှေ့ကိုမားမားမတ်မတ် တည့်တည့်ဖြောင့်ဖြောင့် သွားမှာလားဆိုတာကို အဖြေပေးမဲ့ ရွေးကောက်ပွဲပါ၊ တည့်တည့်မတ်မတ် ရိုးရိုးသားသားနဲ့ ဖြူးဖြူးဖြောင့်ဖြောင့်နဲ့ ရွေးကောက်ပွဲ ဆီကိုသွားချင်တယ်၊ ပြီးတဲ့အခါကျလို့ို့ရှိရင်လည်း နိုင်ငံတည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ တိုးတက်စေချင်တယ်ဆိုလို့ရှိရင် ဒီလိုဆွေးနွေးပွဲတွေကို အဆောတလျင် ခဏခဏကျင်းပဖို့လိုတယ်လို့ ကျမအနေနဲ့ပြောချင်ပါတယ်"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာ ပြည်သူတွေအတွက်ကြည့်ပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ သထုံမြို့ခံတွေနဲ့တွေ့ဆုံခဲ့ပြီး မနက်ဖြန်မှာတော့ သံဖြူဇရပ်မြို့ခံတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက်ကိုကျော်ထွန်းနိုင် ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။